ရွာငံတွင် ပျူစောထီးအဖွဲ့၏ ခေါင်းဆောင်ပိုင်း ၂ ဦး ရှင်းလင်းခံရ


မဲခေါင်၊ မေ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ယမန်နေ့ မေလ ၁၄ ရက်၊ ညနေပိုင်းက အင်အား ၄၀ ခန့်ဖြင့် ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့၏ ခေါင်းဆောင်ပိုင်း ၂ ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာတွင် အင်အား ၄၀ ကျော်ဖြင့် အခြေချထားသော ပျူစောထီးအဖွဲ့၏ ခေါင်းဆောင်ပိုင်း ၂ ဦးဖြစ်သူ ယခင်ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးများဖြစ်ကြသည့် ဦးခင်မောင်သိန်းနှင့် ဦးကျော်သိန်းတို့အား အမည်မသိအဖွဲ့တစ်ခုမှ ရွာတွင်း လာရောက်ပစ်ခတ်ရှင်းလင်းသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"အဖွဲ့လိုက်ဝင်လာပြီးတော့ ပစ်ခတ်ရှင်းလင်းသွားတာ။ မနေ့ညနေ ၄ နာရီလောက်က ဖြစ်သွားတာပါ။ ခဏပဲကြာတယ်။ ချက်ချက်းပြန်ထွက်သွားတယ်။ ဘယ်အဖွဲ့ကလဲတော့ မသိရဘူး။ ရွာသားတွေကို မကြောက်ကြဖို့နဲ့ သူတို့က ပျူစောထီးကိုရှင်းလင်းဖို့ပဲ လာတာ၊ ကျန်တဲ့ရွာသားတွေကို ဘာမှမလုပ်ပါဘူးလို့တော့ ပြောသွားကြတယ်။ လူငယ်လူလတ်ပိုင်း အုပ်စုလိုက်ဆိုင်ကယ်နဲ့ ရွာထဲဝင်လာကြတာ" ဟု ၎င်းကပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသူ ၂ဦး၏ ရုပ်အလောင်းများကို မင်းပလောင်ရွာဦးဘုန်းကြီးကျောင်းဝန်းအတွင်း ထားရှိထပြီး ယနေ့၌ ရွာငံမြို့ပေါ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားများမှ လာရောက်သယ်ယူ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ပျူစောထီးခေါင်းဆောင်ပိုင်း ၂ဦးကြောင့်  အပြစ်မဲ့ ရွာသူရွာသား ၃၀ ဦးထက်မနည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရပြီး နေအိမ်ချိတ်ပိတ်ခံရသူများရှိသလို ကလောတပ်နယ်တွင်းသြို စစ်ကြောရေးပို့ခံလိုက်ရသူများလည်း ရှိကြောင်း သိရသည်။

ထို့အပြင် ယင်းပျူစောထီးအဖွဲ့နှင့် အာဏာသိမ်းစစ်တပ်က ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခြင်း ၊ အိမ်မွေးတိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်ကလည်း ယင်းပျူစောထီးအဖွဲ့၏ လမ်းပြမှုကြောင့် ပန်းလောင်မြစ်ရိုးတလျှောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု ဝင်စီးခံခဲ့ရပြီး ရိက္ခာနှင့်ဖောက်ခွဲရေးပစ္စည်းများ ဆိုင်ကယ်များဆုံးရှုံးခဲ့ရသလို ‌ဧပြီလ ၂၂ ရက်က တောင်ဦးရွာတိုက်ပွဲ၌လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။


MeKong News - မဲခေါင်သတင်း

ရွာငံတွင် ပျူစောထီးအဖွဲ့၏ ခေါင်းဆောင်ပိုင်း ၂ ဦး ရှင်းလင်းခံရ ရွာငံတွင် ပျူစောထီးအဖွဲ့၏ ခေါင်းဆောင်ပိုင်း ၂ ဦး ရှင်းလင်းခံရ Reviewed by THITHTOOLWIN on 23:10 Rating: 5

No comments:

Powered by Blogger.