ရေဦး မုံတိုင်ပင်ရွာမှာ အကြမ်းဖက် စစ်အုပ်စုက သတ်ဖြတ်သွားတဲ့ အလောင်း (၁၉)လောင်း တွေ့ရှိ


မေ - ၁၂

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုံတိုင်ပင်ကျေးရွာထဲမှာ အကြမ်းဖက် စစ်အုပ်စုက သတ်ဖြတ်သွားတဲ့ အလောင်း (၁၉)လောင်း တွေ့ရှိရပြီး နှစ်လောင်းဟာ သေနတ်မှန် ဒဏ်ရာတွေနဲ့ သေဆုံးနေကာ ကျန်(၁၇)လောင်းကတော့ မီးရှို့ခံထားရတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ(ရေဦး)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ရေဦးမြို့နယ် မြောက်ခြမ်းက ရွာတွေဖြစ်တဲ့ မုံတိုင်ပင်၊ ပုဏ္ဍကား၊ ဆီဆုံစတဲ့ ရွာတွေဘက်ကို မေ(၁၀)ရက်ကတည်းက စစ်ကြောင်းနှစ်ကြောင်းခွဲကာ စီးနင်းဝင်ရောက် သောင်းကျန်းနေတာ ဖြစ်ပြီး နေအိမ်တွေ မီးရှို့ခံရသလို ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ဒေသခံအရပ်သား ပြည်သူတွေလည်း အများအပြား ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ရေဦးနယ် မုံတိုင်ပင်ရွာထဲ ဝင်မွှေလုယက် မီးရှို့နေတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ဒီကနေ့ မေ(၁၂)ရက်မှာ ကျေးရွာထဲက ပြန်ထွက်သွားပြီဖြစ်လို့ ရွာထဲဝင်ပြီး လိုက်လံစ်ဆေးရာမှာ အလောင်း (၁၉)လောင်း တွေ့ရှိခဲ့တာလို့ ရေဦး ပကဖ က ဆိုပါတယ်။

“မုံတိုင်ပင်ရွာ မီးရှို့ခံရသည့် အိမ်ခြေပေါင်း(၂၉)အိမ်၊  မီးသတ်ကား တစ်စီး၊ နွား ခုနှစ်ကောင်၊ လက်နက်ကျည်ဆံ ထိမှန်သေဆုံးသူ နှစ်ဦးနှင့် စစ်ခွေးများ မီးရှို့ပုံဖျက်ထားခံရသည့် လူသေလောင်း (၁၇)လောင်း။ (ဆက်လက်ရှာဖွေနေဆဲ၊ ယနေညနေပိုင်းအထိ မီးလောင်ပြင်များထဲတွင် ဆက်လက်ရှာနေပြီး စစ်ရှောင်ပြည်သူများကြောင့် မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။)” လို့ ရေဦး ပကဖ က ဖော်ပြပါတယ်။

ဒေသခံ ရွာသူရွာသားတွေ စစ်ဘေးရှောင် ထွက်ပြေးနေရလို့ သေဆုံးသူတွေဟာ မည်သူမည်ဝါဆိုတာ အတိအကျ မသိနိုင်သေးသလို စစ်အုပ်စုက ဒေသခံပြည်သူ ဘယ်နှဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ် ဆိုတာလည်း အတိအကျ မသိနိုင်သေးဘူးလို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့ပေါ်မှာ အထိုင်ချထားတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ မေ(၁၀)ရက်က စတင်ပြီး ရေဦးနယ် အရှေ့မြောက်ခြမ်းက ကျေးရွာတွေဖြစ်တဲ့ မုံတိုင်ပင်၊ ဆီဆုံစတဲ့ ကျေးရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းကာ မီးရှို့ဖျက်ဆီးပြီးနောက် ဒီကနေ့ မေ(၁၂)ရက် မနက်(၆)နာရီလောက်မှာတော့ ပုဏ္ဏကားရွာထဲ ထပ်မံဝင်ရောက်ကာ မွှေနှောက်လုယက် သောင်းကျန်း မီးရှို့နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ မုံတိုင်ပင်၊ ဆီဆုံ စတဲ့ ရွာတွေက ဒေသခံအရပ်သားပြည်သူ (၂၀)ကျော်ကို ဖမ်းဆီးထားတယ်လို့ သတင်းကြားရပေမယ့် အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး တကွဲတပြားစီ ထွက်ပြေးနေရတဲ့ ဝရုန်းသုန်းကား အခြေအနေတွေကြောင့် နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နေတယ်ဆိုတာ မသိရသေးဘူးလို့ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ 

အကြမ်းဖက် စစ်အုပ်စုဟာ မနေ့က မေလ(၁၁)ရက်က မုံတိုင်ပင်ရွာမှာ လုယက်မွှေနှောက် မီးရှိုပပြီးနောက် ဒေသခံတွေကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေ ထွက်နေသလို ဒီကနေ့ ပုဏ္ဏကားရွာမှာလည်း ဒေသခံနှစ်ဦးကို ပစ်သတ်ထားခဲ့တယ်လို့ သတင်းတွေထွက်နေပေမယ့် အသေးစိတ် ဘာမှ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ရေဦးမြို့နယ် မုံတိုင်ပင်ရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်အုပ်စုက အတည်ပြု ထုတ်ပြန်တာ ဘာမှ မရှိသေးပေမယ့် မေ(၁၁)ရက် နေ့လယ်ပိုင်းက ရေဦးမြိုနယ်၊ ဆီဇုန်ကျေးရွာအနီးမှာ PDF (၂၄)ဦးကို သတ်ဖြတ်ခဲ့တယ်လို့ စစ်အုပ်စုဘက်က ဆိုပါတယ်။ ဆီဆုံရွာအနီးမှာ PDF တွေနဲ့ တိုက်ပွဲဖြစ်ပြီး အလောင်း (၂၄)လောင်း နှင့်အတူ လက်လုပ်စိန်ပြောင်း လေးလက်၊ လက်လုပ်တစ်တောင့်ထိုး သေနတ် (၂၄) လက်၊ လက်လုပ်ဗုံးသီး၊ မိုင်း၊ ဂဟေဆော်စက် စတာတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ထားတာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ဧပြီလကုန်ပိုင်းက စတင်ပြီး ခင်ဦးနဲ့ ရေဦးနယ်ထဲ စစ်ကား(၃၀)ကျော်နဲ့ အင်အား ထပ်ဖြည့်ပြီးနောက် ရွာစဉ်ပတ်မွှေ အကြမ်းဖက် စီးနင်းကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ယခု မေလ (၁၀)ရက်တာအတွင်း ရေဦးမြို့နယ် နှောကုန်းရွာ၊ အင်ပင်ကျေးရွာ၊ ချမ်းသာရွာ၊ ဆီဆုံရွာ၊ သံသည်ရွာ၊ မုံတိုင်ပင် စတဲ့ ကျေးရွာ ခြောက်ရွာကို ဝင်မွှေလုယက် ဖောက်ထွင်းခိုးယူပြီးနောက် နေအိမ် အလုံး (၈၀) အပါအဝင် ကျွဲ၊နွားတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေ၊ လယ်ယာသုံးပစ္စည်းတွေကို မီးရှို့ ဖျက်ဆီးသွားတယ်လို့  ပကဖ(ရေဦး)က သတင်းထုတ်ပြန်ထားပါတယ်။


Mandalay Free Press - MFP

ရေဦး မုံတိုင်ပင်ရွာမှာ အကြမ်းဖက် စစ်အုပ်စုက သတ်ဖြတ်သွားတဲ့ အလောင်း (၁၉)လောင်း တွေ့ရှိ ရေဦး မုံတိုင်ပင်ရွာမှာ အကြမ်းဖက် စစ်အုပ်စုက သတ်ဖြတ်သွားတဲ့ အလောင်း (၁၉)လောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 21:41 Rating: 5

No comments:

Powered by Blogger.