မေလ ၁၃ ရက် (ရန်ကုန်)
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂) ရပ် ကွက်၊ ပင်လုံလမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ (၁) ရှေ့တွင် ကမ္ဘောဇဘဏ်ငွေသိမ်းကား ယနေ့ မေလ ၁၃ ရက် နေ့လည် ၃ နာရီဝန်းကျင်တွင် လုယက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ကမ္ဘောဇဘဏ်ငွေသိမ်းယာဥ်သည် ရန်ကုန်မြို့နယ်အချို့က ကမ္ဘောဇဘဏ်များမှ ကားဖြင့် ငွေများလိုက်လံသိမ်းဆည်းသည့်ယာဥ်ဟုသိရပြီး မြောက်ဒဂုံ ကမ္ဘောဇဘဏ်ရှေ့တွင် လုယက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
''အဲ့ဒီဘဏ်ကားက ဘဏ်ရှေ့ရောက်တုန်းရှိသေးတယ်၊ ပရိုဘောက်စ်ကားနဲ့ ရောက်လာပြီး ပိုက်ဆံအိတ်စောင့်တဲ့လုံခြုံရေးတွေကို ဓားထောက်လုသွားတာ။ သိန်း ၁၀၀၀ ကျော်လောက်ပါသွားတယ်လို့ သိရတယ်"ဟု မြောက်ဒဂုံဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လုယက်ခံရသည့်ငွေပမာဏမှာ သတင်းရင်းမြစ်ဒေသခံ ၏ပြောဆိုချက်အရ သိန်း ၁၀၀၀ ကျော်ဟု သိရသော် လည်း ဆုံးရှုံးသွားသည့်ငွေပမာဏအား ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။ အဆိုပါဖြစ်စဥ်အား စစ်ကောင်စီနှင့်ကမ္ဘောဇဘဏ်ဘက်မှလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
အဆိုပါ ကမ္ဘောဇဘဏ်ကား လုယက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြောက်ဒဂုံမြို့နယ်အတွင်း လမ်းဆုံလမ်းခွအားလုံးကိုပိတ်ဆို့လိုက်ပြီး စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။
ဧပြီလ ၆ ရက်နေ့လည်ပိုင်းကလည်း တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံခဲ့ရပြီး ငွေကျပ် သိန်း ၂၁၀၀ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
Ayeyarwaddy Times

No comments:
Post a Comment