မေ - ၁၉
မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှာ မနေ့က မေလ (၁၉)ရက် နေ့လယ်ပိုင်းက စစ်အုပ်စုလက်အောက်ခံ သွေးသောက်အဖွဲ့တွေ အစည်းအဝေးလုပ်နေချိန် ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးခဲ့တယ်လို့ ပုဂံပြည်ဘီလူးတပ်က ထုတ်ပြန်ပါတယ်။
ညောင်ဦးမြို့နယ် အောက်ညဉ့်ရွာက အုပ်ချုပ်ရေးမှူး ဦးဆန်းရွှေရဲ့ တောင်ယာတဲမှာ အစည်းအဝေးလုပ်နေတဲ့ စစ်အုပ်စုလက်အောက်ခံ (၈)ယောက်အဖွဲ့ကို မဟာမိတ်ပူးပေါင်းအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ရာမှာ သုံးဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဆိုင်ကယ်သုံးစီးနဲ့ လူငါးဦး ရောက်လာပြီး ပစ်ခတ်ခဲ့တာကြောင့် သူကောင်းတည်ရွာ ရာအိမ်မှူး ဦးမောင်မြင့်၊ မန္တလေးက ရောက်လာတဲ့ ဦးကျော်ကျော်မင်းနဲ့ ဦးဆန်းရွှေရဲ့ သားမက် ဖိုးချိုတို့ သေဆုံးခဲ့တာလို့ MFP ရဲ့သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
ဦးကျော်ကျော်မင်းဟာ စစ်အုပ်စုရဲ့ သတင်းပေးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး မန္တလေးမှာ နှစ်ခါ ပစ်ခတ်ခံခဲ့ရပေမယ့် မသေဘဲ အခု ညောင်ဦးရောက်ချိန်ကျမှ သေဆုံးခဲ့တာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒီပစ်ခတ်မှုကို ပုဂံပြည်ဘီလူးတပ်နဲ့ မဟာမိတ်တွေဖြစ်တဲ့ မြေလတ် PDF MGN District၊ Seven People Defense Force(S.P.D.F)၊ TTA ပြောက်ကျားတပ်ဖွဲ့(တောင်သာ)၊ Bagan Heros Guerrilla Force(B.H.G.F)၊ 27 Revolution Force(MGN)တို့က ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူတွေကိုလည်း သတိထားနေကြဖို့ ထပ်လောင်း ပြောဆိုထားပါတယ်။
Mandalay Free Press - MFP

No comments:
Post a Comment