ရှမ်းနီအမျိုးသားတပ်မတော်၏ ငွေကြေးကောက်ခံမှုကြောင့် ဒေသခံများအခက်တွေ့၊ စစ်ကောင်စီကိုတိုက်လျင် ပေးပျော်သည်ဟုဆို


ဟုမ္မလင်း - မေ ၁၇၊ ၂၀၂၂။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဈေးဆိုင်နှင့် ရွှေမှော်များတွင် ငွေကောက်ခံမှုများ ပြုလုပ်နေသောကြောင့်  ရှမ်းနီလူမျိုးအချင်းချင်း နှိပ်စက်နေသည်ဟုသာ ခံစားရကြောင်း ဒေသခံများက ပြောနေကြသည်။

ရပ်ရွာအုပ်ချုပ်ရေးမှူးများ၊ ရွာကျောင်းမှ ဘုန်းတော်ကြီးများကပါ ပူးပေါင်းပါဝင်ပြီး ရွှေပန်းတိမ်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဆိုင်ကယ်အရောင်းဆိုင်များတွင် ငွေကြေးများ လစဉ် ကောက်ခံနေသောကြောင့် SNA က ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ပူးပေါင်းပြီး ဒေသခံပြည်သူများကို ကာကွယ်မည်ဆိုလျင် ပေးပျော်သည်ဟု ဒေသခံလုပ်ငန်းရှင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကိုယ့်လူမျိုးတွေဆိုတော့ PDF တွေနဲ့ ပေါင်းပြီး ကာကွယ်စေချင်တာပေါ့လေ သိက္ခာရှိရှိ ပြည်သူလူထုတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ပေးရင် သူတို့ကိုလည်း ပေးရင်လည်း ပေးပျော်တာပါ့။ ပြည်သူလူထုအတွက် အကျိုးရှိတယ်။ ခုယူသွားတဲ့ပိုက်ဆံက ဘယ်သူအတွက်မှမဟုတ်ဘူး သူတို့ဘိန်းရှူတယ် အဲ့တာကြောင့်မို့” ဟုသူကပြောသည်။

ဆိုင်အများစုမှာ လာရောက်ကောက်ခံသော ဆပ်ကြေးများကို ပေးဆောင်လျက်ရှိပြီး ငွေ လာရောက်ကောက်ခံချိန်တွင် ငွေမပေးသော ဆိုင်များကို ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း သူကဆက်ပြောသည်။

“အထည်ဆိုင်တစ်ဆိုင်ကို သွားတောင်းတော့ မပေးနိုင်ဘူးပြောလို့ အချေအတင်ဖြစ်လို့။ ခြိမ်းခြောက်တယ် ပေးမှာလား၊ မပေးဘူးလား စကားအများကြီးမပြောနဲ့ မပေးရင်တော့ တွေ့ကြမယ်ပေါ့လေ။ လက်နက်တစ်ခါတည်း ပါလာတယ်လေး” ဟု သူကပြောပါသည်။

ငွေတောင်းရာတွင် အနည်းဆုံး သုံးသိန်းမှ အများဆုံးသိန်းတစ်ရာအထိ တောင်းခံလေ့ရှိပြီး ရွှေမှော်များတွင် တစ်လလျှင်တစ်ကြိမ် ပုံမှန်ပေးရသော်လည်း ရံဖန်ရံခါ ထပ်မံတောင်းခံမှုများ ရှိလျှင်လည်း ပေးရကြောင်း သိရသည်။

ထိုသို့ အဓမ္မငွေကြေးကောက်ခံမှုများကို ပေးနေရခြင်းသည် လူမျိုးအချင်းချင်း နှိပ်စက်သည်ကို အောင့်သက်သက်နှင့် ခံနေရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လူမျိုးအချင်းချင်း နှိပ်စက်တာကို အောင့်သက်သက်နဲ့ ခံနေရတယ်။ ရှမ်းနီအချင်းချင်းလည်း ဖြစ်နေတော့ မပြောရဲကြဘူး ပြောရင်လည်း လာဖမ်းမှာက ကြောက်ရတာနဲ့” ဟုပြောသည်။

ငွေကြေးကောက်ခံနေသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း ယခင်က တိုးတိုးတိတ်တိတ် တောင်းခံနေရာမှ စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင် ပေါ်ပေါ်ထင်ထင် တောင်းခံလာခြင်း ဖြစ်ကြောင်း ငွေပေးဆောင်နေရသူ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“တစ်နှစ်ကျော် နှစ်နှစ်တောင်ရှိသွားပြီကော။ အရင်ကတော့ပေါ်ပေါ်ထင်ထင်မတောင်းဘူးလေ။ စပ်မိစပ်ရာ တိုးတိုးတိတ်တိတ်လေး ခြိမ်းခြောက်ပြီးတောင်းတာ။ အခုဟာက ပိုစိပ်လာတာပေါ့လေ။ ပေါ်ပေါ်ထင်ထင်ပေါ့” ဟုပြောပြသည်။

ဥရုချောင်းအနီးရှိ မြေနေရာများတွင် ရွှေတူးဖော်လုပ်ကိုင်လိုလျှင် ရပ်ရွာရံပုံငွေ ပေးမည်ဟုဆိုကာ ဒေသခံလုပ်ငန်းရှင်များကိုယ်တိုင် SNA ထံငွေနှင့် ကျဉ်ဆံများပေးကာ လုပ်ကိုင်ခွင့်တောင်းခံလေ့ရှိပြီး ပိုင်ရှင်ရှိသည့် မြေနေရာများကို ဝယ်ယူလိုလျင်လည်း လက်နက်ကိုင်တပ်ဖွဲ့နှင့်အတူ လာလေ့ရှိကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“တောင်သူတစ်ယောက်က သူ့လယ်နားမှာ ရွှေပါတယ်ဆိုရင် သူဌေးတစ်ယောက်က ဒီလယ်ကို ရချင်တယ် လယ်သမားက မရောင်းဘူးဆိုရင် ရှမ်းနီတွေရော ခေါ်လာပြီးတော့ ရောင်းမှာလား မရောင်းဘူးလား အဲ့လိုမျိုးလုပ်တယ်” ဟုသူကပြောသည်။

ရွှေမျောတိုက်သူများ လစဉ်ကြေးပေးဆောင်ရေပြီး‌ ငွေလာရောက်ကောက်ခံသူများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲများနှင့် သတ္တုတွင်းဝန်ကြီးဌာနမှ ဝန်ထမ်းများကလည်းလာရောက် ကောက်ခံလေ့ရှိကြောင်း ဒေသခံတို့၏ ပြောပြချက်များအရသိရသည်။

SNA မှ ဆက်ကြေးကောက်ခံခြင်းမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်ဒေသဖြစ်သောကြောင့် ဒေသအတွင်းရှိ လုပ်ငန်းများဖြစ်သောကြောင့် အခွန်ပေးဆောင်ရခြင်းသာဖြစ်သည်ဟု ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက The 74 Media ကို ပြောသည်။

“လက်နက်အားကိုးနဲ့ဆက်ကြေးကောင်တာမျိုး မရှိပါဘူး။ ဒါက တိုင်းရင်းသား နယ်မြေဒေသ ဘယ်ဒေသမှာမဆို လုပ်ငန်းခွင်တွေအများကြီး ရှိပါလိမ့်မယ်။ အခုလိုလုပ်ငန်းခွင်တွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားတပ်တွေကို အခွန်ပေးရတာမျိုးတွေရှိပါတယ်။ ကျွန်တော်တို့တွေလည်း အဲ့ဒီသဘောတရားနဲ့ကိုက်ညီအောင် အခွန်ကောက်ခံတာမျိုးပဲ ရှိပါတယ်။” ဟုသူကပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အနေဖြင့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းခြင်းမျိုးမရှိကြောင်းနှင့် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ ဆက်ကြေးခွဲယူကောက်ခံခြင်းလည်း မရှိကြောင်း သူကဆက်ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ရှမ်းနီလူငယ်များဖြင့်  ဖွဲ့စည်းခဲ့သော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို့မြို့နယ် နှင့် ဗန်းမောက်မြို့နယ်တို့တွင် လှုပ်ရှားလျက်ရှိသည်။


The 74 Media 

ရှမ်းနီအမျိုးသားတပ်မတော်၏ ငွေကြေးကောက်ခံမှုကြောင့် ဒေသခံများအခက်တွေ့၊ စစ်ကောင်စီကိုတိုက်လျင် ပေးပျော်သည်ဟုဆို ရှမ်းနီအမျိုးသားတပ်မတော်၏ ငွေကြေးကောက်ခံမှုကြောင့် ဒေသခံများအခက်တွေ့၊ စစ်ကောင်စီကိုတိုက်လျင် ပေးပျော်သည်ဟုဆို Reviewed by THITHTOOLWIN on 23:34 Rating: 5

No comments:

Powered by Blogger.