ရွာလုံးကျွတ်တိမ်းရှောင်နေရသည့် လေးကေနှင့် ဝင်းတာပန်ရွာတွင် နေအိမ်အများအပြား ဖောက်ထွင်းခံရ


မေလ ၁၇ရက်၊ ၂၀၂၂ခုနှစ်။ 

တိုက်ပွဲကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသော သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ လေးကေနှင့် ဝင်းတာပန် ကျေးရွာများရှိ နေအိမ်အမြောက်အများကို စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် BGF များက ဝင်ရောက်ဖောက်ထွင်းပြီး ပစ္စည်းအမြောက်အများ ယူဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာများရှိ နေအိမ်အလုံး ၃၀ကျော် ဖောက်ထွင်းခံရခြင်းဖြစ်ပြီး အများစုမှာ စျေးဆိုင်တည်ထားသော နေအိမ်များဖြစ်သည်။ ဖောက် ထွင်းခံရကာ နေအိမ်အတွင်းရှိ ပစ္စည်းများကို မွှေနှောက်ခံထားရသည့်အပြင် စားသောက်ကုန် ပစ္စည်းများကိုလည်း ၎င်းတို့တပ်စခန်းထဲသို့ ယူဆောင်သွားသည်ဟု အမည်မဖော်လိုသူ ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အခုသေနတ်သံနည်းနည်းတိတ်တော့ အနီးရွားတွေမှာတစ်ချို့ ပြန်အိပ်တာရှိတယ်။ နှစ်ည၊ သုံးည လောက်တော့ ရှိပြီ။ တပ်စခန်းက စစ်သားတွေ BGFတွေ ရွာပြင်ထွက်ပြီး ကင်းလိုက်လှည့်တာတွေ့တော့ ရွာမှာပြန်အိပ်တဲ့လူတွေလည်း အကုန်ပြန်ထပြေးရပြန်တယ်။ အိမ်တွေဆိုရင်လည်း တော်တော်များများ ဖောက်ခံရတယ်။ အရင်က စစ်တပ်တွေလာရင် ပြေးရတယ်။ အခုလည်း ကရင်အချင်းချင်း လာနှိပ်စက်တာ ပြေးရပြန်တယ်။ တော်တော်ခံရခက် တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လူနေအိမ်များ ဖောက်ထွင်းခံရသည့်အပြင် ကျေးရွာထဲရှိ ကြက်၊ ဝက်၊ ဘဲ စသည့် အိမ်မွေးတိရိစ္ဆာန်များကိုလည်း ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီနှင့် (BGF)တပ်ဖွဲ့တို့က ဖမ်းယူစားသောက်နေကြသည်ဟုလည်း ၎င်းဒေသခံက ဆက်ပြောသည်။

သထုံခရိုင်၊ ဘီးလင်းမြို့နယ် လေးကေဒေသအတွင်း ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် KNLA ပူးပေါင်း တပ်နှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းတို့အကြားတိုက်ပွဲကြောင့် လက်ရှိအချိန်တွင် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရသည့် စစ်ရှောင်တစ်သောင်းကျော်ရှိပြီး ယခုရက်ပိုင်းတွင် မိုးများ စတင်သွန်းသည့်အတွက် တောတောင်ထဲတွင် ဆက်လက် နေထိုင်ရန် အခက်အခဲရှိလာသောကြောင့် စစ်ရှောင်အချို့မှာ အခြားကျေးရွာများသို့ ထပ်မံတိမ်းရှောင်နေရပြန်သည်ဟု သိရှိရသည်။

ဒေသအတွင်း စစ်ရှောင်ကူညီပေးသူတစ်ဦးက “မိုးများတော့တချို့က တောထဲမှာ၊ ဂူတွေထဲမှာ နေလို့အဆင်မပြေတော့ ဘူးလေ။ အဲဒါ ရွာတွေဘက်ကို ပြန်ပြောင်းရွှေ့နေထိုင်တာရှိတယ်။ အစားအသောက် အခက်အခဲရှိတယ်။ ပြီးတော့ သွားလာတာ ကား၊ ဆိုင်ကယ်ဆီထည့်ဖို့ ဆီအခက်အခဲလည်း ရှိတယ်။ ဆိုင်တွေမှာလည်း ဆီတွေပြတ်တယ်။ စစ်မရှောင်ရတဲ့တချို့ရွာတွေလည်း ဆီပြဿနာတွေ အခက်အခဲရှိလာတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် လေးကေနှင့် ဝင်းတာပန် တပ်စခန်းသို့ စစ်ကောင်စီနှင့်အတူ BGF တပ်ဖွဲ့ဝင် စစ်ကူအချို့ ရောက်ရှိလာကာ စစ်ကူတက်လာသည့်အချိန်တွင်လည်း အသက်မပြည့်သေးသည့် ကလေးငယ် အပါအဝင် အရပ်သား (၉၂)ဦး ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်လည်းကောင်း၊ အထမ်းသမားအဖြစ်လည်းကောင်း ခိုင်းစေအသုံးပြုခဲ့ကြသည်။

အဆိုပါ အဖမ်းဆီးခံရသည့် ဒေသခံအရပ်သားများထဲတွင် ဖားအံမြို့နယ်မှ (၇၀)ဦးနှင့် ဘီးလင်းမြို့နယ်မှ (၂၂)ဦးတို့ ပါဝင်ခဲ့ကြပြီး ယခုအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း နယ်မြေခံတာဝန်ရှိသူများက ပြောသည်။


Karen Information Center -KIC 

ရွာလုံးကျွတ်တိမ်းရှောင်နေရသည့် လေးကေနှင့် ဝင်းတာပန်ရွာတွင် နေအိမ်အများအပြား ဖောက်ထွင်းခံရ ရွာလုံးကျွတ်တိမ်းရှောင်နေရသည့် လေးကေနှင့် ဝင်းတာပန်ရွာတွင် နေအိမ်အများအပြား ဖောက်ထွင်းခံရ Reviewed by THITHTOOLWIN on 20:47 Rating: 5

No comments:

Powered by Blogger.