မန္တလေးမှာ လုပ်မယ့် ဆွမ်းလောင်းပွဲအတွက် စကစ လက်နက်ကိုင်တချို့ကို သင်္ကန်းဝတ်ခိုင်းလို့ သတင်းထွက်

ဓာတ်ပုံ၊ MCDC 

သံဃာအတုဖန်တီးပြီး သံဃာထုကြားမှာပါ သွေးကွဲစရာဖြစ်ရပ်ကို စစ်အုပ်စု ကျူးလွန်နေတယ်လို့ မန္တလေးသံဃသမဂ္ဂဆို 

မေ - ၁၂ 

မန္တလေးမြို့ ကျုံးပတ်လည်မှာ လာမယ့် မေလ (၁၄)ရက် ကဆုန်လပြည့်နေ့မှာပြုလုပ်မည့် ဆွမ်းလောင်းပွဲအတွက် ပင့်သံဃာ အရေအတွက် ပြည့်စေဖို့ စစ်အုပ်စုက စကစ လက်နက်ကိုင်တချို့ကို ဒုလ္လဘ ဝတ်ခိုင်းထားတယ်လို့ သတင်းထွက်နေပါတယ်။ 

မန္တလေးမြို့ (၆၂)လမ်းပေါ်က ဘုန်းကြီးကျောင်းတချို့မှာ ယာဉ်ထိန်းရဲတွေ အပါအဝင် စကစ လက်နက်ကိုင်တချို့ကို ကျပ်သိန်း (၁၂၀) အကုန်အကျခံကာ ရဟန်းခံခိုင်းထားပြီး ယာဉ်ထိန်းရဲမေအချို့ကိုလည်း သီလရှင်ဝတ်ခိုင်းထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ 

လက်ရှိမှာ အဲ့ဒီ ကျောင်းတိုက်တွေရှေ့ စကစတွေ အစောင့်ချထားတာလည်း တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

စစ်အုပ်စုရဲ့ အဲ့ဒီလုပ်ရပ်ဟာ သံဃာညီညွတ်မှု နဲ့ သာသနာကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတဲ့ လုပ်ရပ်ဖြစ်ပြီး သံဃာထုတစ်ရပ်လုံးက ကန့်ကွက် ရှုတ်ချသင့်တယ်လို့ သံဃသမဂ္ဂ(မန္တလေး)က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

" ဒီသတင်းသာ အမှန်တကယ် ဖြစ်ခဲ့ရင်မန္တလေးသံဃာ နဲ့ မန္တလေးပြည်သူကို သွေးခွဲဖို့ကြိုးစားသလို သံဃာထုကြားထဲမှာပါ သွေးကွဲလာစရာဖြစ်လာမယ့် သံဃဘေဒကကံ ကိုကျူးလွန်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ် " လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မန္တလေး လေးပြင်လေးရပ်မှာရှိတဲ့ သံဃာတော် (၁၀၂၆၄)ပါးကို ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းနဲ့ နဝကမ္မ ဝတ္ထုငွေ လောင်းလှူပွဲကို နန်းမြို့ရိုး လေးပြင်လေးရပ် ကျုံးအရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက််တို့မှာ မေ(၁၄)ရက် မနက်ပိုင်းမှာ ပြုလုပ်မှာဖြစ်ပြီး မေလ (၁၁)ရက်ကတည်းက ခင်းကျင်းနေတယ်လို့ စစ်အုပ်စုဘက်က သတင်းထုတ်ပြန်ထားပါတယ်။ 

မန္တလေးမှာ ဒီနှစ်အတွက် ဝါဆိုသံဃအရေအတွက်ဟာ အရင်နှစ်တွေထက် သုံးပုံတစ်ပုံသာ ရှိနေတာရယ်၊ သံဃာစာမေးပွဲတွေ ပြီးသွားလို့ ခရီးထွက်တာ၊ ရွာပြန်တာတွေလည်း ရှိတဲ့အတွက် စစ်အုပ်စုရည်မှန်းတဲ့ အရေအတွက် ရရှိဖို့ ခက်ခဲနိုင်လို့ အခုလို သူတို့ဩဇာညောင်းသူတွေကို ရဟန်းဝတ်ခိုင်းထားတာဖြစ်တယ်လို့ သံဃသမဂ္ဂ ဆရာတော်တစ်ပါးက MPF ကို မိန့်ပါတယ်။ 

" ပွဲဖြစ်အောင်တော့ လုပ်ကြမှာပဲ၊ ပင့်ထားတဲ့ အရေအတွက်အတိုင်းတော့ မတက်လောက်ဘူး၊ မစည်ကားနိုင်ဘူးလို့ ယူဆပါတယ် " လို့ ဆရာတော်က မိန့်ပါတယ်။ 

အာဏာသိမ်းပြီးနောက် သူတို့ကို ဆန့်ကျင်တဲ့ ရဟန်းရှင်လူ ပြည်သူတွေကို လိုက်လံဖမ်းဆီး နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်အုပ်စုဟာ မန္တလေးအိုးဘိုအကျဉ်းထောင်ထဲမှာလည်း သံဃသမဂ္ဂ ဆရာတော် (၁၄)ပါး အပါအဝင် သံဃာ အပါး (၂၀)ခန့်ကို ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ 

ဒါ့အပြင် မန္တလေးမြို့ပေါ်က မြတောင်၊ မစိုးရိမ်တိုက်သစ် အပါအဝင် ဘုန်းကြီးကျောင်းတွေကို အင်အားသုံး စီးနင်းပြီး သူတို့ အလိုရှိတဲ့ သံဃာတော်ကို ဝင်ရှာဖွေတာ၊ ကျောင်းတိုက်ကို ချိတ်ပိတ်တာမျိုးတွေကိုလည်း စစ်အုပ်စုက လုပ်ဆောင်ခဲ့ပါသေးတယ်။ 

စစ်အုပ်စုရဲ့ ဆွမ်းဆန်စိမ်းလောင်းပွဲဟာ နိုင်ငံရေးအကြပ်အတည်းထဲ ကျရောက်နေချိန် ဘာသာရေးကို ဘန်းပြပြီး ဘာသာရေးခေါင်းဆောင်တွေကို အသုံးချဖို့ စီစဉ်နေခြင်းဖြစ်တဲ့အတွက် သံဃာထုအနေနဲ့ သပိတ်မှောက်ကြဖို့ သံဃသမဂ္ဂ(မန္တလေး)က မေလ (၁၀)ရက်နေ့မှာ ပန်ကြားစာထုတ်ပြန်ထားပါတယ်။ 

ပြည်သူလူထု ရဲ့မျက်ရည်တွေကို သုတ်မပေးနိုင်ရင်တောင် ပြည်သူ့ မျက်ရည်၊ ပြည်သူ့သွေးနဲ့ ခြေမဆေးမိကြဖို့ လိုအပ်ပြီး သံဃာထုဟာ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ လောကကိုကျေးဇူးပြုတဲ့ အဖွဲ့စည်းကြီးဖြစ်ကြောင်း သက်သေပြကြရမယ့် အချိန်ရောက်နေပြီလို့လည်း သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


Mandalay Free Press - MFP

မန္တလေးမှာ လုပ်မယ့် ဆွမ်းလောင်းပွဲအတွက် စကစ လက်နက်ကိုင်တချို့ကို သင်္ကန်းဝတ်ခိုင်းလို့ သတင်းထွက် မန္တလေးမှာ လုပ်မယ့် ဆွမ်းလောင်းပွဲအတွက် စကစ လက်နက်ကိုင်တချို့ကို သင်္ကန်းဝတ်ခိုင်းလို့ သတင်းထွက် Reviewed by THITHTOOLWIN on 21:42 Rating: 5

No comments:

Powered by Blogger.