မြောင် - မေ ၁၇၊ ၂၀၂၂၊
ချောင်းဦး - မြင်းမူ လမ်းတွင် စစ်ကောင်စီကင်းပုန်းလာချသည့် အန်စာတုံးကားတစ်စီးကို ယနေ့မွန်းလွဲ ၁ နာရီခန့်က မြောင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် CDSOM က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ကို သွားရောက်အတည်ပြုရာတွင် အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မြောင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် CDSOM မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“မိုင်းဆွဲပြီး ပြန်လာအတည်ပြုနိုင်ဖို့ ပြန်သွားကြည့်တာမှာ ကားဘေးမှာ အလောင်းတွေချထားတာတွေ့ရတယ်။ ငါးကောင်ထဲက တစ်ကောင်ကတော့ ခါးပိုင်းစုတ်ပြတ်ပြီး လွင့်ထွက်သွားတာ” ဟုသူကပြောသည်။
ယနေ့နံနက် ၅ နာရီခန့်က မိုင်းခွဲတိုက်ခိုက်ရန်စောင့်ဆိုင်းနေသည့် မြောင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် CDSOM ကို စစ်ကောင်စီတပ်က အလစ်ဝင်တိုက်ခဲ့သဖြင့် ပစ္စည်းများ ဆုံးရှုံးခဲ့ရသောကြောင့် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။
အလစ်တိုက်ခိုက်ခံရချိန်တွင် မြောင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် CDSOM က အိန္ဒိယတစ်တောင့်ထိုး တစ်လက်၊ ဘက်ထရီအိုး နှစ်လုံး၊ ဖုန်းနှစ်လုံးနှင့် မီးကြိုးခွေတစ်ခွေတို့ ဆုံးရှုံးခဲ့ရကြောင်းသိရသည်။
မွန်းလွဲပိုင်းတိုက်ခိုက်မှုတွင် CDSOM ကဦးဆောင်ပြီး M2W က ထုတ်လုပ်သောမိုင်းဖြင့် ကန္တာရသိမ်းငှက်၊ တူမီးဖိုက်တာ၊ CRA ချောင်းဦး၊ black Eagle မြင်းမူ၊ M2W၊ C.R.F မြင်းမူတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြောင်မြို့နယ်သို့ စစ်ရေးလှုပ်ရှားမှုပြုလုပ်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မေလ ၂ရက်နေ့ကလည်း မြောင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးခန့် သေဆုံးခဲ့သည်။
The 74 Media

No comments:
Post a Comment