![]() |
ပုံအညွှန်း - မေလ ၁၆ရက် ညနေပိုင်းက ဆောင်နန်းခဲရွာကို စစ်ကောင်စီတပ်များ မီးရှို့နေသည့် မြင်ကွင်း |
မဲခေါင်၊ မေ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ ဆည်အနီးတဝိုက်ဒေသများတွင် ယနေ့၊ နံနက်ပိုင်းမှစတင်၍ လက်ရှိအချိန်ထိ အာဏာသိမ်းစစ်တပ်နှင့် ဒေသခံတော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
မိုးဗြဲဒေသ၊ ဆီမီးလောရွာနှင့် ညောင်ပင်သာရွာအနီးတဝိုက်သို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်နှင့် PNOပူးပေါင်းအဖွဲ့အား ဒေသခံတော်လှန်ရေးအင်အားစုများက ခုခံတိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ၏ အမှတ်၄၂၂အမြောက်တပ်မှ လက်နက်ကြီးများဖြင့် တိုက်ပွားဖြစ်ပွားရာ နေရာသို့ပစ်ခတ်နေသည်ဟု ဖယ်ခုံPDFတပ်ရင်း(၂)မှ ရဲဘော်တစ်ဦးက ပြောသည်။
"တိုက်ပွဲကတော့ တစ်နေ့ကုန်ဖြစ်နေတယ်။ ထိတွေ့ပစ်ခတ်မှုလောက်ပဲရှိတဲ့ အချိန်တွေရှိသလို ပြင်းထန်တဲ့အချိန်တွေလည်း ရှိတယ်။ စခတွေကတော့ အကျအဆုံး၊ ထိခိုက်ဒဏ်ရာရတာရှိတယ်။ အတိအကျတော့ မသိရသေးဘူး။ မနက်ဖြန်လောက်မှ တိုက်ပွဲသတင်းအကျဉ်းထုတ်ပြန်ဖြစ်မယ်ထင်တယ်"ဟု ၎င်းကပြောသည်။
အဆိုပါဆီမီးလော့ရွာအနီး၌ ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ မေလ ၁၆ ရက်၊ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် ဆောင်နန်းခဲရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် PNOပူးပေါင်းတပ်အား ၁၀၀၈ တပ်ရင်း၊ ဖယ်ခုန် pdf တပ်ရင်း ၂ ၊ အင်းလေး pdf ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း ၁၀၀၅၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ်ရေးတပ်များ ကာကွယ်တွန်းလှန်လျက်ရှိပြီး စစ်ကောင်စီဖက်က ၈ဦးသေဆုံးထားသလို PDFတစ်ဦးကျဆုံးထားကြောင်း သိရသည်။
ထို့အပြင်စစ်ကောင်စီက ကုန်လမ်းကြောင်းသာမက အင်း ပြည်သူများအဓိကသွားလာရာလမ်းဖြစ်သော ဘီလူးချောင်းလမ်းတစ်လျှောက်တွင် နောင်ဘိုမှစ၍ မှော်ဘီတံတားနှင့် ပုန့်မူကျေးရွာအထိ သုံးနေရာထက်မနည်းကို ယမန်နေ့၊ ညနေပိုင်းမှစတင်ပြီး ဖြတ်သန်းသွားလာမှုကို ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဒေသအနီးတဝိုက်၌ မေလ ၁၃ရက်မှစတင်ပြီး ဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိပြီး တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် နေအိမ်မှစွန့်ခွာရပါက ချက်ချင်းထွက်ခွာနိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြစေလိုကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။
MeKong News - မဲခေါင်သတင်း

No comments:
Post a Comment