မြိုင်၊ မေ ၁၄၊ ၂၀၂၂။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မရွာကို မေလ ၁၄ ရက် ဒီနေ့ညနေပိုင်းမှာ စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီညနေ ၆ နာရီ ၁၅ လောက်မှာ ရွာရဲ့တောင်ဘက်ပိုင်းကနေ စတင်မီးရှို့ခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်ထိ မီးမငြိမ်းသက်နိုင်သေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
“ ဒီညနေပိုင်းမှာ တောင်လေတိုက်နေချိန်ကို တောင်ဘက်ကနေစရှို့တာပါ။ အဝေးကနေမြင်ရတာ မီးတောက်အတော်ကြီးတယ်။ ရွာထဲကလူတွေလည်း တိမ်းရှောင်နေရတာကြောင့် အခုချိန်ထိ မီးငြိမ်းသတ်နိုင်ခြင်းမရှိသေးဘူး။ မီးလောင်တဲ့ အိမ်ခြေတော်တော်များတယ်။ တရွာလုံးနီးပါး ကုန်ပြီလို့တော့ပြောတယ်။ ” လို သူက ပြောပါတယ်။
လက်ရှိအချိန်မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်ယက်မရွာဟာ မြိုင်မြို့နယ်အတွင်း အိမ်ခြေ ၁၅၀၀ ကျော် နဲ့ လူဦးရေ ထောင်ဂဏန်းရှိတဲ့ အကြီးဆုံးစံပြရွာတရွာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်မှာလည်း ကျေးရွာအတွင်းကနေအိမ်တွေကို စစ်တပ်က ဝင်ရောက်ရှာဖွေဖျက်ဆီးတာတွေအပြင် ရွာသား ၃ ဦးကိုပါ သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment