ရန်ကုန်က မြို့နယ်အချို့မှာ ပစ်ခတ်မှုဖြစ်တစ်ဦးသေသုံးဦးဒဏ်ရာရရှိ


ရန်ကုန်၊မေ ၁၉ ၊၂၀၂၂

ရန်ကုန် သာကေတမြို့နယ်၊ဒဂုံအရှေမြို့နယ်နဲ့ ဒေါပုံမြို့နယ်တို့မှာ မေ၁၉ ရက် ဒီကနေ့မှာ အမည်မသိသူတွေရဲ့ပစ်ခတ်မှု့ကြောင့် တစ်ဦးသေပြီး သုံးဦးဒဏ်ရာရရှိတယ်လို့ ပစ်ခတ်မှုဖြစ်ရာ မြို့နယ်တွေဆီက သိရပါတယ်။

သာကေတမြို့နယ် ၇/ အရှေ့ရပ်ကွက် အောင်သပြေလမ်းနဲ့ စပယ်လမ်းထောင့်က NLD ပါတီထောက်ခံသူတွေရဲ့ အထည်ဆိုင်ကို ဒီကနေ့ နေ့လယ်သုံးနာရီက သွေးသောက်အဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

သေနတ်ပစ်ခတ်သူတွေဟာ အဆိုပါအထည်ဆိုင်ကို NLDပါတီဝင်တွေရဲ့ ဆိုင်ဟုတ်မဟုတ်ကို မေးမြန်းပြီး ပစ်ခတ်သွားတာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံနေသူတွေကို သတ်ဖြတ်နေတဲ့ သွေးသောက်အဖွဲ့ရဲ့ လုပ်ရပ်တွေမှာ စစ်ကောင်စီက ပါဝင်ပက်သက်နေတယ်လို့ NLD ပါတီဗဟိုအလုပ်ကော်မတီက တရားဝင် ထုတ်ပြန်ကြေငြာထားပါတယ်။ 

သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသူမှာ မဆိုဖီယာဖြစ်ပြီး ဒဏ်ရာရရှိသူနှစ်ဦးမှာ ဦးရဲဇော်မောင်နဲ့ ဒေါ်သင်းသင်းလှိုင်တို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လယ် တစ်နာရီခွဲကလည်းဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်မှာ ၁၃ ရပ်ကွက်မှာ မီးသွယ်တန်းနေသည့် လျှပ်စစ်နေ့စားဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ အဆိုပါရပ်ကွက်နေသူတွေဆီက သိရပါတယ်။

၁၃ ရပ်ကွက် ဆည်တော်လမ်းထိပ်ရှိ ဓာတ်တိုင်မှာမီးမလာလို့မီးကြိုးစမ်းသပ်ပြီး ပြန်ဆင်းလာချိန်မှာ အမည်မသိဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။

"ဘာကြောင့်ပစ်လဲဆိုတာ မသိဘူး သူကတော့ဒဏ်ရာရသွားတယ် အခုစံပြဆေးရုံကြီးကို ပို့ထားတယ်"လို့ရှင်းပြပါတယ်။

ဒေါပုံမြို့နယ် မုန့်ကျွန်းဈေး ငါးဒိုင်အတွင်းကသတင်းပေးဒလန်တစ်ဦးဖြစ်တဲ့ မမီးငယ်ဆိုသူကိုလည်းဒီကနေ့ မနက်ပိုင်းမှာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းရှိပါတယ်။

ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့မြို့နယ်တွေရဲ့ ရပ်ကွက်က လမ်းဆုံလမ်းခွတွေမှာ စစ်တပ်နဲ့ရဲတွေဟာ ကားနဲ့ဆိုင်ကယ်တွေအပြင် လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကိုပါ ယူပြီးစစ်ဆေးနေတယ်လို့ ပစ်ခတ်မှုဖြစ်ရာမြို့နယ်တွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ မေလအတွင်း ဗုံးပေါက်ကွဲမှုအကြိမ်လေးဆယ်ထပ်မနည်းဖြစ်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေနဲ့ဒဏ်ရာရရှိသူတွေလည်းရှိပါတယ်။


Salween Press

ရန်ကုန်က မြို့နယ်အချို့မှာ ပစ်ခတ်မှုဖြစ်တစ်ဦးသေသုံးဦးဒဏ်ရာရရှိ ရန်ကုန်က မြို့နယ်အချို့မှာ ပစ်ခတ်မှုဖြစ်တစ်ဦးသေသုံးဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 21:16 Rating: 5

No comments:

Powered by Blogger.