မုံရွာမှာ စစ်အုပ်စုက ဆိုင်ကယ်ရပ်မပေးတဲ့ လူငယ်နှစ်ဦးကို ပစ်သတ်

စစ်အုပ်စုက ဖမ်းဆီးငွေညှစ်ဖို့ ကြိုးစားချိန် ဆိုင်ကယ်ရပ်မပေးလို့ ဆိုပြီး ပစ်သတ်ခံလိုက်ရတဲ့ လူငယ်နှစ်ဦး/Photo – S

မေ- ၁၀

စစ်ကိုင်းတိုင်း မုံရွာမြို့ စီးပွားရေးတက္ကသိုလ်အနီးမှာ လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ အကြမ်းဖက် စစ်အုပ်စုက ဆိုင်ကယ်ရပ်မပေးတဲ့ လူငယ်နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မေ(၉)ရက် မနက်ပိုင်းက မုံရွာ စီးပွားရေး တက္ကသိုလ်အနီး စစ်အုပ်စုက ခရီးသွားတွေကို ဖမ်းဆီးငွေညှစ်နေချိန် ဆိုင်ကယ်တစ်စီးနဲ့ မောင်းနှင်လာတဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးငွေညှစ်ဖို့ ကြိုးစားရာမှာ လူငယ်တွေက ဆိုင်ကယ်ရပ်မပေးတဲ့အတွက် ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။

စစ်အုပ်စု ပစ်သတ်လိုက်တဲ့ လူငယ်နှစ်ဦးဟာ အသက်(၂၀)ကျော်အရွယ်တွေ ဖြစ်နိုင်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီလို လူငယ်နှစ်ဦးကို ပစ်သတ်ခဲ့တာနဲ့ ပတ်သက်ပြီး အကြမ်းဖက် စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ မေ(၉)ရက် မနက်ပိုင်းက မုံရွာမြို၊ စီးပွားရေးတက္ကသိုလ် အနီးမှာ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေချိန် မြိုရှောင်လမ်းအတိုင်း စက်မှုဇုံဘက်မှ ဇလုပ်အဝိုင်းဘက်သို ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားနှစ်ဦးဟာ စစ်ဆေးခံရန် ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးလို့ လိုက်လံပစ်ခတ် သတ်ဖြတ်လိုက်တာ ဖြစ်ပြီး သေဆုံးသူတွေရဲ့ ဆိုင်ကယ်ပေါ်ကနေ လက်လုပ်သေနတ် တစ်လက်နှင့် ကျည်ဆံ သုံးတောင့် တွေ့ရှိတယ်ဆိုပြီး ဆိုထားပါတယ်။

စစ်အုပ်စုဟာ မုံရွာမြို့အနှံ့ ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်ဆို့စစ်ဆေးတာ၊ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာ၊ ကင်းပုန်းတွေဝပ်၊ ဂိတ်တွေထားပြီး ဒေသခံပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


Mandalay Free Press - MFP

မုံရွာမှာ စစ်အုပ်စုက ဆိုင်ကယ်ရပ်မပေးတဲ့ လူငယ်နှစ်ဦးကို ပစ်သတ် မုံရွာမှာ စစ်အုပ်စုက ဆိုင်ကယ်ရပ်မပေးတဲ့ လူငယ်နှစ်ဦးကို ပစ်သတ် Reviewed by THITHTOOLWIN on 22:16 Rating: 5

No comments:

Powered by Blogger.