ညောင်လေးပင်နှင့် ကွေ့ကြီးရွာကြားသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ရာမှ (၄)ဦး သေဆုံးသွား


ပဲခူးတိုင်း၊ ညောင်လေးပင်နှင့် ကွေ့ကြီးရွာကြားသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို မေလ(၂၀)ရက်နေ့က ‌ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၄)ဦး သေပြီး (၂)ဦးဒဏ်ရာရကြောင်း MRF-Nattalin တပ်ဖွဲ့က ယနေ့ မေလ(၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့‌သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

မေလ(၁၃)ရက်ကလည်း ကွေ့ကြီးရွာနှင့် ညောင်လေးပင်ရွာကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၈)ဦးသေကြောင်း သိရသည်။

ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားလျက်ရှိရာ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသဖြင့် ၎င်းတို့က အနီးအနားရှိ ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်လျက်ရှိရာ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ် ၊ အုပ်ချုပ်ရေးပစ်မှတ် ၊ စီးပွါးရေးပစ်မှတ်များအား ပြင်းထန်စွာတိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သဖြင့် စစ်ကောင်စီ၏ အဆိုပါ ပစ်မှတ်များနှင့် နီးကပ်စွာသွားလာလှုပ်ရှားနေထိုင်ခြင်းမျိုး မပြုလုပ်ကြရန်  မေတ္တာရပ်ခံထားသည်။


Tachileik News Agency 

ညောင်လေးပင်နှင့် ကွေ့ကြီးရွာကြားသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ရာမှ (၄)ဦး သေဆုံးသွား ညောင်လေးပင်နှင့် ကွေ့ကြီးရွာကြားသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ရာမှ (၄)ဦး သေဆုံးသွား Reviewed by THITHTOOLWIN on 20:27 Rating: 5

No comments:

Powered by Blogger.