နန်းထိုက်အောင်စစ်ဆင်ရေး၏ပစ်မှတ်တခုအဖြစ် မင်္ဂလာဒုံမြို့နယ် ခလရ ၈၂ ကို ဗုံးသီးလောင်ချာများဖြင့် ပစ်ခတ်ခဲ့


မေ ၁၄၊၂ဝ၂၂

ရန်ကုန်မြို့၏ မြေအောက်ပျောက်ကြား စစ်ဆင်ရေးဖြစ်သော နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမ၊ နီလာမှတ်တိုင်အနီး ရွှေနံ့သာစံပြရပ်ကွက်ရှိ  အာဏာသိမ်းစစ်တပ် ၏ ခလရ ၈၂ တပ်ရင်းကို ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့များက ၄ဝ မမ ဗုံးသီးလောင်ချာများဖြင့် ယနေ့မနက် ၅ နာရီဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို Area 21 ၏ Yangon Federal Army-YFA နှင့် Civil Guerrilla Force-YGN တို့ ပူးပေါင်းအဖွဲ့မှ စစ်ဆင်ရေး ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၄ ဦးခန့် ဒဏ်ရာရနိုင်ကြောင်း YFA အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပစ်ခတ်နေချိန်တွင် တပ်ရင်း ၈၂ ဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိပဲ တပ်ရင်းအတွင်း မီးများကို မှိတ်ကာနေကြရပြီး မိမိတို့ မဟာမိတ်တပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိပဲ ဘေးကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း YFA က ပြောသည်။ 

လက်ရှိအချိန်တွင် အာဏာသိမ်း စစ်ကောင်စီမှ ရန်ကုန်မြို့ကို ချုပ်ကိုင်နိုင်ခြင်း မရှိစေရန် မြို့ပြပျောက်ကြားအဖွဲ့များမှ နေ့စဉ်တိုင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ၊ စစ်ကောင်စီ၏ လက်ဝေခံ သတင်းပေး ဒလန်များ၊ စစ်ကောင်စီခန့် ရပ်ကျေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရုံးများ၊ ရန်ကုန်မြို့တွင် ပြည်သူများအပေါ် နည်းအမျိုးမျိုးဖြင့် ဖိနှိပ်နေသည့် စစ်သား၊ရဲများနှင့် ယာဉ်ထိန်း ရဲများနှင့် ၎င်းတို့၏ကင်းတဲများကို ဗုံးခွဲခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်။

''ကျနော်တို့ကတော့ သူတို့ကို ရန်ကုန်ကို ထိန်းချုပ်ခွင့် လုံးဝမပေးဘူး။ ရတဲ့နည်းနဲ့ တော်လှန်နေမှာပဲ။ အခုနောက်ပိုင်း သူတို့ကလည်း ကျနော်တို့ကို ဖမ်းတဲ့အခါ အသေပစ်ဖမ်းတာပဲ လုပ်တာ များလာပြီ။ ကျနော်တို့ကို အမြင်မတူတဲ့ ပြည်သူလို့ မသတ်မှတ်ပဲ ရန်သူလို့ သတ်မှတ်ပြီး သတ်ဖြတ်နေတဲ့သူတွေနဲ့ သူတို့ဒေါက်တိုင်တွေကို ကျနော်တို့ကလည်း ရန်သူလို့ပဲ သဘောထားတော့မှာပဲလေ''ဟုရန်ကုန်မြို့ပြပျောက် ကြားအဖွဲ့ဝင်တဦးက ပြောသည်။


Ayeyarwaddy Times 

နန်းထိုက်အောင်စစ်ဆင်ရေး၏ပစ်မှတ်တခုအဖြစ် မင်္ဂလာဒုံမြို့နယ် ခလရ ၈၂ ကို ဗုံးသီးလောင်ချာများဖြင့် ပစ်ခတ်ခဲ့ နန်းထိုက်အောင်စစ်ဆင်ရေး၏ပစ်မှတ်တခုအဖြစ် မင်္ဂလာဒုံမြို့နယ် ခလရ ၈၂ ကို ဗုံးသီးလောင်ချာများဖြင့် ပစ်ခတ်ခဲ့ Reviewed by THITHTOOLWIN on 21:41 Rating: 5

No comments:

Powered by Blogger.