ဂန့်ဂေါမှာစစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦးခန့်သေဆုံးနိုင်


ဂန့်ဂေါ၊ မေ ၂၂၊ ၂၀၂၂။

မကွေ:တိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့ စစ်သားနဲ့ ပျူစောထီးတွေအဖွဲ့တွေ မေလ ၂၁ ရက် မနေ့ကနေ့လည်ပိုင်းမှာ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ 

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ စမ်းမြို့ရွာအနီးမှာ နေ့လည် ၁ နာရီလောက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ရှေ့ပြေးထွက်လာတဲ့ စစ်သား ၅ ဦးကိုတော့ ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ PDF-GanGaw တာဝန်ခံက ပြောပါတယ်။ 

“ဒီကောင်တွေအဖွဲ့က ၅ ယောက် ရှေ့ကင်းလွှတ်တယ်၊ ၅ ကောင်ကိုအရယူပစ်ခတ်နိုင်ခဲ့တယ်၊ ကျနော်တို့ဘက်က လက်နက်ကြီးနဲ့လည်းထုတယ်၊ သူတို့ဘက်က အထိနာတော့ ၆၀ မမ လက်နက်ကြီးနဲ့ အချက် ၂၀ လောက်လှမ်းပစ်တယ်၊”  လို့ ပြောပါတယ်။ 

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် ၂ နာရီနီးပါးလောက် အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး၊ တိုက်နေတဲ့အချိန်အတွင်းမှာလည်း စစ်တပ်ကတပ်စွဲထားတဲ့ မြောက်ခရမ်းရွာကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့  PDF-GanGaw တာဝန်ခံက ဆိုပါတယ်။ 

“ကျနော်တို့ကကင်းပုန်းဝတ်ပြီးအသင့်စောင့်နေတာ၊ စန်းမြို့ရွာရဲ့တောင်ဘက်တောင်ကုန်းပေါ်ကနေ နေရာယူပြီး ကျနော်တို့ ပစ်ကွင်းနီးနီးလေးရောက်တဲ့အချိန်မှာ ပစ်ခဲ့တာပါ၊ စစ်ကောင်စီဘက်ကလည်း စက်လက်နက်တွေနဲ့ပြန်ပစ်တယ်၊ မြောက်ခရမ်းရွာကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ အချက်ရေ ၅၀ ကျော်လှမ်းပစ်တယ်၊ မြောက်ခရမ်းရွာက စစ်ကောင်စီ တပ်စခန်းချထားတဲ့ရွာပါ၊ ပျူစောထီးအင်အားကောင်းတဲ့ရွာပေါ့၊“ လို့ သူကပြောပါတယ်။ 

အဲ့ဒီတပ်သားတွေဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်ကနေ ဂန့်ဂေါမြို့မြောက်ပိုင်းရှိ ပျူစောထီးအင်အားကောင်းတဲ့ ရွာတွေဘက်ကို နယ်ချဲ့ဝင်ရောက်လာကာ အဲ့ဒီရွာတွေကပျူစောထီးအဖွဲ့တွေနဲ့ပူပေါင်းပြီး မြစ်သာမြစ်အရှေ့ဘက်တလျောက် စစ်ကြောင်းထိုးလာတာဖြစ်ပြီး၊ ဂန့်ဂေါနယ်အတွင်းက စစ်ဘေးရှောင်တဲတွေကို မီးရှို့ဖျက်ဆီး၊ ကျွဲ၊ နွားတွေကိုလည်း သတ်ဖြတ်စားသောက်တာတွေပါ လုပ်နေတာလို့လည်း သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပေမယ့် မြေလတ်အသံကတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်လည်း ဂန့်ဂေါမြို့နယ်၊ ကပစ ၂၃ အနီးက စစ်ကောင်စီကင်းတဲက တပ်သားတွေကို PDF-GanGaw နဲ့ မဟာမိတ်အဖွဲ့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၆ ဦးသေဆုံးခဲ့ပါသေးတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ဂန့်ဂေါမှာစစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦးခန့်သေဆုံးနိုင် ဂန့်ဂေါမှာစစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦးခန့်သေဆုံးနိုင် Reviewed by THITHTOOLWIN on 21:20 Rating: 5

No comments:

Powered by Blogger.