မအူပင်မြို့နယ်၊ ခွာလေးကျွန်းရွာသို့ စစ်တပ်ခေါ်ကာ ဒေသခံများအား ခြိမ်းခြောက်ဖမ်းဆီးမှုများလုပ်ဆောင်နေသည့် အင်းသူကြီးသား ပစ်ခတ်ခံရ၍ သေဆုံး
မအူပင် ၊ မေလ ၂၉ ရက်
ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်၊ ခွာလေးကျွန်းရွာရှိ ရာဇူဒိုင်အင်းအတွင်း နေထိုင်သည့် သတင်းပေး(ဒလန်)ဟု နာမည်ကြီသူတစ်ဦးမှာ ယမန်နေ့ မေလ ၂၈ ရက်နေ့ ညပိုင်းက အမည်မသိအဖွဲ့ တစ်ဖွဲ့မှ စက်လှေဖြင့် လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ အင်းသူကြီးအေးမြင့်၏ သား နိုင်ဦးဆိုသူဖြစ်ပြီး ၎င်းမှာ စစ်ကောင်စီတပ်များအား ခွာလေးကျွန်းရွာသို့ စစ်တပ်ခေါ်ကာ ဒေသခံများအား ခြိမ်းခြောက်ဖမ်းဆီးမှုများလုပ်ဆောင်နေသူဖြစ်ပြီး ယမန်နေ့ညပိုင်းက အမည်မသိအဖွဲ့ တစ်ဖွဲ့မှ လာရောက်ပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း မအူပင်မြို့ခံတစ်ဦးထံမှ သိရသည်။
" မအူပင်မြို့နယ်ထဲမှာ ခွာလေးကျွန်းအေးမြင့်ဆိုရင် မသိတဲ့သူမရှိသလောက်ပဲ။ အင်းသူကြီး အစိုးရအစဥ်ဆက်လုပ်စားလာတာ။ သူသားကလည်း စစ်တပ်ကိုအိမ်ခေါ်ပြီး ရွာမှာမော်မကြည့်ရဘူးလေ။ သတင်းပေးဒလန်အကြီးစားပေါ့။ ညကတော့ ဘုတ်စက်လှေနဲ့ အမည်မသိအဖွဲ့တဖွဲ့ကလာရှင်းသွားတာ " ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖြစ်စဥ်ဖြစ်ပွားပြီးနောက် ညတွင်းချင်းပင် စစ်ကောင်စီတပ်များက ရာဇူဒိုင်အင်းအတွင်း ရောက်ရှိလာပြီး ခွာလေးကျွန်းရွာတွင် စက်လှေငှားမရတွင် ဆဲဆိုကြိမ်းမောင်းမှုများ လုပ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
မအူပင်မြို့နယ်တွင် စစ်ကောင်စီလက်ပါးစေ သတင်းပေး(ဒလန်)များ၏ သတင်းပေးတိုင်ကြားမှုများကြောင့် စစ်ကောင်စီတပ်များ၏ စွပ်စွဲဖမ်းဆီးခြင်းခံရသူ ၁၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
Ayeyarwaddy Times

No comments:
Post a Comment