မဲခေါင်၊ မေ ၁၉
ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်သဖြင့် ထိန်းသိမ်းနေခြင်းဖြစ်ပြီး ပြသနာဖြစ်လာလျှင် တပ်မတော်ကို အဆိုးမဆိုနဲ့ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ရက္ခိုင့်တပ်တော် ( AA ) အား သတိပေးပြောကြားလိုက်သည်။
“ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည်သီးခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်နေရခြင်းဖြစ်ပါတယ်။ အခုဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ ပြသနာဖြစ်လာလျှင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့ လို့ပဲ ပြောချင်တယ်” ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
AA အဖွဲ့သည် မေ ၁၆ တွင် NUG နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအား ခြိမ်းခြောက်ပြောဆိုခြင်းများ၊ ရသေ့တောင်မြို့နယ်တွင် တရားစီရင်ရေးများ တိုးချဲ့လုပ်ဆောင်နေမှုများအပေါ် ဇော်မင်းထွန်းက ခြိမ်းခြောက်သတိပေးပြောဆို ခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး တိုက်ပွဲများရပ်တန့်နေသည်။ သို့သော်နှစ်ဘက် စစ်ရေးတင်းမာနေသည်မှာ ကာလအတန်ကြာနေပြီး တိုက်ပွဲများ အချိန်မရွေးပြန်လာဖြစ်ပွားနိုင်သည်ဟု သုံးသပ်မှုများရှိသည်။
စစ်တပ်အာဏာမသိမ်းမီ AA နှင့်တိုက်ပွဲများပြင်းထန်နေသည့် ကာလတွင် ဗိုလ်မှူးချုပ်ရာထူးနှင့် ဇော်မင်းထွန်းသည် ရက္ခိုင့်တပ်တော် ( AA ) အား သူရဲဘောကြောင်ခြင်း၊ ယောကျ်ားမဆန်သည့်အဖွဲ့ စသည့် ချိုးနှိမ်သည့် စကားလုံးများဖြင့် သတင်းစာရှင်းလင်းပွဲများတွင် ပြောကြားဖူးသည်။
MeKong News - မဲခေါင်သတင်း

No comments:
Post a Comment