ဆားလင်ကြီး၊ ဧပြီ ၂၈၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို ဧပြီလ ၂၈ ရက် ဒီနေ့နေ့လည် ၁၂ နာရီလောက်ကစပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက စခန်းသိမ်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဝင်ရောက်စီးနင်းချိန်ကစပြီး ၄ နာရီလောက် အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့သလို စခန်းအတွင်းကနေ ထွက်ပြေးသွားသူတွေလည်း ရှိခဲ့ပြီး၊ ရဲ ၈ ဦးကတော့ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မြိုင် PDF မှ ဗိုလ် Cross က ပြောပါတယ်။
“ ဒီနေ့ နေ့လည် ၁၂ နာရီ ကနေစသိမ်းတာ ပစ်ခတ်မှု ၄ နာရီခွဲဝန်းကျင်လောက်ရှိတယ်၊ စခန်းအတွင်းထဲမှာရှိတဲ့ တဲတွေ မီးရှို့နိုင်ခဲ့တယ် ၊စခန်းမှာရှိတဲ့ဘန်ကာတခုပဲကျန်ခဲ့တယ်၊ စခန်းက လက်နက်တွေကျည်တွေကတော့ တဲထဲမှာဆိုတော့ မီးလောင်ပြီးအကုန်ထပေါက်ကုန်တယ်၊ ရဲစခန်းကိုဝင်ရောက်စီးနင်းရာမှာ ၈ ယောက်အထက်သေဆုံးပြီး၊ ဒဏ်ရာရပြီးထွက်ပြေးသွားတာတွေရှိပါတယ်၊” လို့ သူကပြောပါတယ်။
တိုက်ခိုက်နေချိန်အတွင်း ပုလဲဘက်ကနေ တပ်ကူလာတဲ့ စစ်ကောင်စီကား ၄ စီးကိုလည်း ပုလဲမြို့ နဲ့ ကျားတက်ရွာကြားက ရွှေယမင်းရွာအနီးမှာ မိုင်း ၄ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကား ၂စီးပျက်ဆီးသွားတယ်လို့ ဗိုလ် Cross က ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက် နေ့လည် ၁၂ နာရီကလည်း ကိုင်းရွာအနီးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ မြိုင် PDF က သတင်းထုတ်ပြန်ထားပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment