ခင်ဦးရဲစခန်း အပါအဝင် ခင်ဦးမြို့နယ်က စစ်အုပ်စု စခန်းသုံးခုကို PDF တွေက တိုက်ခိုက်၊ စကစ ကိုးဦးထက်မနည်း သေပြီး ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံး
ဧပြီ - ၁၅
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြို့မရဲစခန်း အပါအဝင် စစ်အုပ်စု စခန်းသုံးခုကို မနေ့က ဧပြီ(၁၄)ရက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က ကိုးဦးထက်မနည်း သေကာ ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
သင်္ကြန်အကျနေ့ဖြစ်တဲ့ မနေ့က ဧပြီ (၁၄)ရက်မှာ ခင်ဦးမြို့ပေါ်က မြို့မရဲစခန်းနှင့် ပျူရွာတွေဖြစ်တဲ့ ပျဉ်ထောင်ရွာနှင့် မဒေါင်းလှရွာတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခင်ဦး ရဲစခန်းတိုက်ခိုက်မှုမှာ စကစ သုံးဦး သေပြီး ပျဉ်ထောင်ရွာ စီးနင်းတိုက်ခိုက်မှုမှာ စကစနှင့်ပျူ ခြောက်ဦး သေတယ်လို့ ဆိုပါတယ်။ မဒေါင်းလှရွာကို ဒရုန်းသုံးကာ သွားရောက်ပြီး ဗုံးထုတိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ရဲဘော်တွေ အပြန်မှာ ပစ်ခတ်ခံရလို့ ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။
မနေ့က နေ့လယ်ပိုင်းအချိန် ခင်ဦးမြို့မရဲစခန်းကို Royal Tiger Guerilla Force တပ်ဖွဲ့က ဒရုန်းသုံးပြီး ဗုံးထု တိုက်ခိုက်ခဲ့ရာမှာ စကစ သုံးဦး သေပြီး အလောင်းတွေကို ညနေပိုင်းအချိန် ခင်ဦးသင်္ချိုင်းမှာ မီးရှို့သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့က နေ့လယ်(၁၂)နာရီကနေ ည(၇)နာရီလောက်အထိ စစ်အုပ်စုနှင့် ပျူစောထီးတွေ အုပ်စုဖွဲ့နေတဲ့ ပျဉ်ထောင်ကျေးရွာကို ဒေါင်းစစ်သည် ခင်ဦးအဖွဲ့ ၊ KSO (Khin U Support Organization) အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မဟာမိတ် ရှစ်ဖွဲ့ ပူးပေါင်းပြီး သွားရောက်စီးနင်း တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပျဉ်ထောင်ရွာထဲ ရှိနေတဲ့ စကစနှင့် ပျူ ခြောက်ဦး သေတယ်လို့ ဆိုပါတယ်။
ပျဉ်ထောင်ရွာထဲက ပျူစခန်းကို ဒရုန်းသုံးပြီး ဗုံးထုတိုက်ခိုက်တာ၊ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပြီး ဒရုန်းနဲ့ဗုံးထုရာမှာ ပျူအုပ်စု ရှိနေတဲ့နေရာ ကျရောက်ပေါက်ကွဲခဲ့သလို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စကစနှင့် ပျူတွေ သေဆုံး၊ဒဏ်ရာရတာတွေ ရှိခဲ့ပြီး နီးစပ်သူတွေရဲ့ အဆိုအရ ဒီကနေ့ မနက်ပိုင်း စုစုပေါင်း အလောင်း ခြောက်လောင်း တွေ့ရှိခဲ့တယ်လို့ ခင်ဦး သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။ ဒါ့အပြင် ပျဉ်ထောင်ကျေးရွာက ပျူခေါင်းဆောင်ရဲ့ သမီးလည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ပျဉ်ထောင်ရွာထဲ စီးနင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စကစနှင့် ပျူတွေ အသေအပျောက် စာရင်း အတိအကျ မသိရသေပေမယ့် အသေအပျောက် များနိုင်တယ်လို့ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ ခင်ဦး ဒေါင်းစစ်သည်အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
“ခင်ဦးမြို့နယ် စကစ တပ်ဆွဲထားသော ပျဉ်ထောင်ကျေးရွာသို့ ဒေါင်းစစ်သည် အပါအဝင် ညီနောင်မဟာမိတ် ရှစ်ဖွဲ့မှ မြေပြင်၊ဝေဟင် ဝင်ရောက်တိုက်ခိုက်ရာ စကစ ခွေးများ အကျဆုံးများနိုင်၊ ညီနောင်မဟာမိတ် ရှစ်ဖွဲ့မှာ အထိခိုက် အကျအဆုံးမရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်” လို့ ခင်ဦး ဒေါင်စစ်သည်က ဖော်ပြပါတယ်။
ဒါ့အပြင် မနေ့က နေ့လယ်ပိုင်းမှာပဲ စကစနှင့်ပျူတွေ ရှိနေတဲ့ မဒေါင်းလှကျေးရွာကိုလည်း ကာကွယ်ရေး တပ်ပေါင်းစုတွေက သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု အသေအပျောက် ရှိနိုင်ပေမယ့် အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ မဒေါင်းလှရွာကို တိုက်ခိုက်တဲ့ဖြစ်စဉ်မှာတော့ ဒရုန်းနဲ့ ဗုံးထုတဲံ ရဲဘော်တွေ အပြန်လမ်းမှာ ပစ်ခတ်ခံရပြီး ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။
စစ်အုပ်စုနှင့် ပျူတွေဟာ ခင်ဦးနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေပြီး လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ လအတွင်း စစ်အုပ်စု သောင်းကျန်းနေလို့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ခင်ဦးနယ်က ဒေသခံပြည်သူတွေရဲ့ စစ်ဘေးရှောင်စခန်းတွေကို စစ်အုပ်စုက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင်စခန်းတွေကို မီးရှို့ဖျက်ဆီးကာ စစ်ဘေးရှောင်ပြည်သူတချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။
စစ်အုပ်စုက ခင်ဦးနယ်ထဲ အင်တာနက် ဖြတ်တောက်ထားတာလည်း တစ်လကျော်ပြီ ဖြစ်ပါတယ်။
Mandalay Free Press - MFP

No comments:
Post a Comment