မတူပီမြို့မှပြန်ဆင်းလာသည့် စစ်ယာဉ်တန်းကိုကြားဖြတ်တိုက်ခိုက်၊ လက်ပါးစေ ၈ ဦးခန့်သေဟု CDF ပြော


မတူပီ၊ ဧပြီ ၂၈

ချင်းပြည်နယ်၊ မတူပီမြို့မှ ကျောက်ထုမြိုသို့ပြန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဧပြီလ၂၇ ရက်၊ ညနေပိုင်းတွင် ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF) မတူပီအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီလက်ပါးစေ ၈ ဦးခန့်သေဆုံးကြောင်း အဆိုပါအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အမျိုးသားတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

ယာဉ်အစီးရေ ၇၀ ခန့်ပါသည် စစ်ကောင်စီစစ်ယာဉ် တန်းသည် မတူပီ-မင်းတပ်လမ်းမကြီးအတိုင်း ပြန်ဆင်းလာစဉ် မတူပီမြို့နှင့် ၈ မိုင်အကွာနေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

“သူတို့က တစ်စုထဲဆင်းလာတာတော့မဟုတ်ဘူး။ အဖွဲ့တွေခွဲ ခွဲပြီးဆင်းလာတာ။ ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တဲ့အဖွဲ့ဆို အင်အား ၃၀ လောက်ပါတယ်။ ပွိုင့်အဖွဲ့ပေါ့။ နောက်ကယာဉ်တန်းတွေကလည်း တစ်ဖွဲ့စီခွဲပြီးဆင်းတာ” ဟု အထက်ပါတာဝန်ခံမှ ထပ်မံပြောသည်။

မတူပီမြို့မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းတွင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေအင်အား ၃၀၀ ခန့်ပါနိုင်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ်အတွင်း CDF မတူပီအဖွဲ့ဘက်က ထိခိုက်မှုမရှိကြောင်း ယင်းအဖွဲ့ ၏ ပြောပြချက်အရသိရသည်။

“ဒီနေ့မနက်တော့ တိုက်ပွဲဖြစ်ပွားတာမရှိသေးဘူး။ သူတို့ဖက်ကလည်း ပြင်ဆင်နေတယ်။ ကျွန်တော်တို့ဖက်ကလည်း ပြင်ဆင်နေတယ်။ တိုက်ပွဲတွေပိုပြင်းထန်လာနိုင်တယ်”ဟု CDF မတူပီအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ မတူပီမြို့နယ်အတွင်းသို့ စစ်အင်အားဖြည့်တင်းလျက်ရှိပြီး တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း CDF မတူပီအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်ကလည်း မတူပီမြို့နှင့် ၂ မိုင်အကွာ ဘွေရားလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ခဲ့ကြောင်း CDF မတူပီကသတင်းထုတ်ပြန်ထားသည်။


Lu Nge Khit

မတူပီမြို့မှပြန်ဆင်းလာသည့် စစ်ယာဉ်တန်းကိုကြားဖြတ်တိုက်ခိုက်၊ လက်ပါးစေ ၈ ဦးခန့်သေဟု CDF ပြော မတူပီမြို့မှပြန်ဆင်းလာသည့် စစ်ယာဉ်တန်းကိုကြားဖြတ်တိုက်ခိုက်၊ လက်ပါးစေ ၈ ဦးခန့်သေဟု CDF ပြော Reviewed by THITHTOOLWIN on 19:49 Rating: 5

No comments:

Powered by Blogger.