၂၀၂၂ ဧပြီလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ




သတင်းခေါင်းစဉ်များ -

📌အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်အပါအဝင် အကြမ်းဖက်စစ်ခေါင်းဆောင်များ မတရားသဖြင့် ရယူပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေများကို NUG ကပြန်သိမ်းယူမယ်ဟုဆို

📌PDF များကို အမျိုးသားညီညွတ်ရေးအစိုးရက တစ်ဦးကို ထောက်ပံ့စရိတ် ခြောက်သောင်းကျပ် စတင်ပေးအပ်

📌Digital Myanmar Kyat (DMMK) ကို ထုတ်ဝေသွားဖို့ NUG အစိုးရ ပြင်ဆင်

📌စစ်ကောင်စီရဲ့လက်အောက်ခံ တပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်အမြန်ခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ချက်နိုင်ငံကိုယ်စားလှယ်ပြောကြား

📌စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်ကျေးရွာ မှာ စကစတပ်နဲ့ပျူများမီးရှို့ဖျက်ဆီးနေစဥ် ကာကွယ်ရေးတပ်များဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်ဘက်ကအယောက်၃၀ထက်မနည်းသေဆုံး

📌ကသာမြို့နယ် ချောင်းဝရွာမှထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းအား မြို့လှ KPDF တပ်မှ RPG၊ 79 mm များဖြင့် စောင့်ကြိုတိုက်ခိုက်

📌အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွယ်တန်းထားရှိသော လျှပ်စစ် ဓာတ်အားလိုင်း ဖောက်ခွဲခံရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်အပါအဝင် အကြမ်းဖက်စစ်ခေါင်းဆောင်များ မတရားသဖြင့် ရယူပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေများကို NUG ကပြန်သိမ်းယူမယ်ဆိုတဲ့သတင်း

"အကြမ်းဖက်စစ်ခေါင်းဆောင်များ မတရားသဖြင့် ရယူပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေနဲ့ ဖယ်ဒရယ်တပ်မတော်အတွက် မလိုအပ်တဲ့ တပ်ပိုင်မြေတွေကို ဥပဒေနဲ့အညီပြန်လည်သိမ်းယူပြီး၊ ပြည်တွင်းပြည်ပက စိတ်ဝင်စားသူများ ကြိုတင်ဝယ်ယူရင်းနှီးမြှုပ်နှံနိုင်ရန် သင့်တင့်တဲ့ ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး မကြာခင်မှာ ရောင်းချပေးသွားမှာဖြစ်သလို၊ ရရှိလာတဲ့ ဘဏ္ဍာရန်ပုံငွေတွေကို တော်လှန်ရေးအတွက် ထိရောက်စွာ အသုံးပြုသွားမှာ ဖြစ်ပါတယ်"လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းလျားလမ်း ခြံအမှတ် ၁၄ အကျယ်အဝန်းအား ဖြင့် ၁ ဒသမ ၈၆ ဧက ရှိသောမြေနေရာကို ကြိုပွိုင့်စနစ်ဖြင့် ရောင်းချသွားဖို့ရှိကြောင်းစီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်း နှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က RFA သတင်းဌာနကိုအသိပေးပြောကြားထားပါတယ်။

========================

📌📌PDF များကို အမျိုးသားညီညွတ်ရေးအစိုးရက တစ်ဦးကို ထောက်ပံ့စရိတ် ခြောက်သောင်းကျပ် စတင်ပေးအပ်နေ ဆိုတဲ့သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  PDF များကို အမျိုးသားညီညွတ်ရေးအစိုးရက တစ်ဦးကို ထောက်ပံ့စရိတ် ခြောက်သောင်းကျပ် စတင်ပေးအပ်နေပြီလို့ သတင်းရရှိပါတယ်။ ဧပြီလအတွင်းမှာ ထောက်ပံငွေရရှိထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်းအသိပေးဆိုထားပါတယ်။

"ဘဝမှာ ပထမဆုံး ရတဲ့ လစာ။ NUG က ရဲဘော်တွေကို ခြောက်သောင်းကျပ်စီ လစဉ် ပုံမှန် ထောက်ပံ့ပေးနေတယ်။ အရင်လကစပြီး ကျွန်တော် ရတယ်။ တပ်ခွဲရဲ့ ဘုံရံပုံငွေထဲ လေးသောင်း ထည့်ပြီးရင် ကျန်တဲ့ နှစ်သောင်းက ကြိုက်ရာသုံးပဲ၊ မုန့်ဖိုးပေါ့။ ဒီလပိုင်းတွေမှာ လက်နက်ဖိုးပဲ အသည်းအသန်စုနေရတော့ အသုံးစရိတ် တိုင်ပတ်နေရော၊ ဒီလစာရလာတော့ အသက်ရှုချောင်သွားတာ အမှန်ပဲ"လို့ ဆိုထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ခွင့်ပြုရန်ငွေ အမေရိကန်ဒေါ်လာသန်း ၃၀ ကျော်ကို လက်နက်တပ်ဆင်ရေးနဲ့ တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာသုံးစွဲပြီးဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ PDF နဲ့ ညီနောင်တပ်ရင်းပေါင်း ၂၅၇ ရင်းဖွဲ့စည်းပြီးဖြစ်ကာ တပ်ရင်း ၁၀၁ ရင်းကို ကာကွယ်ရေးဝန်ကြီးဌာနကစီစစ်အတည်ပြုပြီးဖြစ်ပါတယ်။

========================

📌📌Digital Myanmar Kyat (DMMK) ကို ထုတ်ဝေသွားဖို့ NUG အစိုးရ ပြင်ဆင်နေတဲ့သတင်း

Digital Myanmar Kyat (DMMK) ကို ထုတ်ဝေသွားဖို့ NUGအစိုးရ ပြင်ဆင်နေပြီလို့ "အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များအစီရင်ခံရာမှာ ဝန်ကြီးဦးတင်ထွန်းနိုင်ကဆိုခဲ့တာဖြစ်ပါတယ်။

"ဒါ့အပြင် Blockchain အခြေပြု National Digital Currency- Digital Myanmar Kyat (DMMK) ကို ထုတ်ဝေသွားဖို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိသလို၊ အဆိုပါ ငွေကြေးများကို အလွယ်တကူ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင် NUG ရဲ့ Mobile Wallet Application တစ်ခုကိုလည်း အဆင်သင့်ပြင်ဆင်ထားရှိပြီး ဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရှိ စကစလက်အောက်ခံ ဘဏ်စနစ်ကို ပြည်သူလူထုဟာ ယုံကြည်မှုနည်းပါးနေပြီး အပ်နှံငွေများကို နေ့စဥ်ပြန်လည်ထုတ်ယူလျက်ရှိပါတယ်။

========================

📌📌စစ်ကောင်စီရဲ့လက်အောက်ခံ တပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်အမြန်ခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ချက်နိုင်ငံကိုယ်စားလှယ်ပြောကြားတဲ့သတင်း

အကြမ်းဖက် စစ်ကောင်စီရဲ့လက်အောက်ခံ တပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်အမြန်ခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ချက်နိုင်ငံကိုယ်စားလှယ် ဦးလင်းသန့်က ဧပြီ ၂၃ ရက်မှာ လူမှုကွန်ရက်မှာရေးသားပြောကြားခဲ့ပါတယ်။

"အကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်ခံ စစ်တပ်တွေ ဖြစ်တဲ့ ကြည်း၊ ရေ၊ လေနဲ့ ရဲ စတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို တခုပဲ ပြောချင်တယ်။ ဒါ နောက်ဆုံး ရထားပဲ။ အချိန်မှီ စီးနင်းလိုက်ပါပြီး ပြည်သူ့ရင်ခွင် ခိုလှုံလိုက်ပါ။ ဒါဟာ နောက်ဆုံး အခွင့်အရေးရနေခိုက်လေးသာ ဖြစ်ပါကြောင်း"လို့ဆိုထားပါတယ်။ လက်ရှိမှာ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်နဲ့ရဲ တစ်သောင်းခန့်ရှိပြီဖြစ်ပါတယ်။

========================

📌📌စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်ကျေးရွာ မှာ စကစတပ်နဲ့ပျူများမီးရှို့ဖျက်ဆီးနေစဥ် ကာကွယ်ရေးတပ်များဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်ဘက်ကအယောက်၃၀ထက်မနည်းသေဆုံးခဲ့တဲ့သတင်း

ဧပြီ ၂၂ ရက်တွင် စစ်ကိုင်းမဘို့ ညောင်ပင်ရှည်ကျေးရွာမှာ စကစတပ်နဲ့ ပျူများမီးရှို့ဖျက်ဆီးနေစဥ် zero ပျောက်ကြားတပ်ဖွဲ့မြင်းခြံဦးဆောင်၍ မဟာမိတ်တပ်များဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်ဘက်က အယောက် ၃၀ ထက် မနည်းသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

" မနက် ၁၀ နာရီခွဲ ဝန်းကျင်မှ စတင်၍ ညနေခင်း ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားပြီး စကစတပ်နှင့် ပျူ အယောက် ၃၀ ခန့် သေဆုံး​ပြီး ၇ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ zero ပျောက်ကြားတပ်ဖွဲ့မြင်းခြံကဆိုပါတယ်။

စစ်ကြောင်းမှ ကျန်ရှိ တပ်ဖွဲ့ဝင် ၈ ဦးသာ ကျန်ရှိချိန် လေကြောင်းပစ်ကူနှင့် သံချပ်ကာ တပ်ကူများ ရောက်ရှိလာ၍ တပ်ပေါင်းစုများမှာ အောင်မြင်စွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲတွင် တပ်ပေါင်းစုဘက်မှာ လက်နက်ကြီး ကျည် ထိမှန်၍ ၅ ဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရှိခဲ့ပါတယ်။ စစ်ကြောင်းပြန်လည်ဆုတ်ခွာချိန် Zero ပျောက်ကြားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦး မြစ်ကိုဖြတ်ကူးစဥ် ရေစီးနှင့်မျှောပါ၍ ကျဆုံးခဲ့တယ်လို့သိရပါတယ်။

========================

📌📌ကသာမြို့နယ် ချောင်းဝရွာမှထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းအား မြို့လှ KPDF တပ်မှ RPG၊ 79 mm များဖြင့် စောင့်ကြိုတိုက်ခိုက်တဲ့သတင်း

ကသာမြို့နယ် ချောင်းဝရွာမှထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းအား မြို့လှ KPDF တပ်မှ RPG၊ 79 mm များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

"ဧပြီ ၂၂ ရက်နေ့ ည ၇ နာရီအချိန် အင်အား ၄၀ ဦးခန့်ပါ အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျှင်စစ်ကြောင်းဟာ ချောင်းဝရွာဖက်မှ မင်းကျောင်းကုန်းရွာဖက်သို့ ဦးတည်ထွက်ခွာစဥ် လမ်းခုလတ် အင်းစောင်းတနေရာ၌ ဗိုလ်မိုဃ်းကြိုးဦးဆောင်သော မြို့လှ KPDF တပ်ခွဲ (၁) မှ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ မြို့လှ KPDF တပ်မှ RPG လက်နက်နှင့် 79 mm များဖြင့် ပစ်ခတ်ခဲ့ရာ စကစတပ်၏ စစ်ကြောင်းချီရာအနီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုများဖြင့် အချိန် ၁၅ မိနစ်ခန့်ကြာပြီး စကစဖက်မှ သေဆုံးမှုများနှင့် အများအပြား ထိခိုက်မှုရှိနိုင်ပါတယ်"လို့ဆိုပါတယ်။ မြို့လှ KPDF တပ်မှ အထိအခိုက်မရှိ အသာစီးဖြင့် ဗျူဟာကျ ကစားကွက်ရွှေ့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

========================

📌📌အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွယ်တန်းထားရှိသော လျှပ်စစ် ဓာတ်အားလိုင်း ဖောက်ခွဲခံရ တဲ့သတင်း

ပဲခူးတိုင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၅၀၁ သည် ဧပြီ ၂၂ ရက်က တောင်ငူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲကင်းဖြစ်သော စပါးကြွယ်ရဲကင်းစခန်းအား မီးရှို့ဖျက်ဆီးတိုက်ခိုက်ခဲ့ပါတယ်။ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) သို့ သွယ်တန်းထားရှိသော လျှပ်စစ်ဓာတ်အားတိုင်အား နေ့လည် ၁၂:၃၅ နာရီခန့်က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ စီးပွါးရေးထောက်တိုင် မိုင်တဲတာဝါတိုင်ကင်းစခန်းအားလည်း ၁ နာရီ ၂၇ မိနစ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

အလားတူ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းနှင့် ပူးပေါင်းအဖွဲ့တို့မှ ထန်းတပင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားသော တပြေးကျေးရွာဂိတ်စခန်းအားလည်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါကင်းစခန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ဦးခန့် စခန်းချလျက်ရှိပြီး မိနစ်နှစ်ဆယ်ခန့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွါးကာ စစ်ကောင်စီတပ်သား ၂ ဦးကျဆုံးခဲ့တယ်လို့ထပ်မံသိရပါတယ်။


Radio NUG 

၂၀၂၂ ဧပြီလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ ၂၀၂၂ ဧပြီလ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ Reviewed by THITHTOOLWIN on 00:08 Rating: 5

No comments:

Powered by Blogger.