ပုလဲနယ် အင်းမထီးရွာက စကစနဲ့ပျူတွေကို တိုက်ခိုက်ခဲ့တဲ့ PRA ရဲဘော်များ/Photo – PRA |
မတ် - ၂၀
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်းမထီးရွာမှာ အထိုင်ချနေတဲ့ စကစနဲ့ ပျူတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်(၁၈)ရက် ညနေပိုင်းအချိန် စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ စကစနဲ့ ပျူ (၁၈)ဦး သေတယ်လို့ ပြည်သူ့ တော်လှန်ရေး တပ်မတော် - People Revolution Army (PRA) က ထုတ်ပြန်ပါတယ်။
ပုလဲမြို့နယ် အင်းမထီးရွာက စကစနဲ့ ပျူတွေဟာ မတ်(၁၈)ရက်က ကိုင်းတွင်းရွာကို ဒုတိယအကြိမ် အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး တန်ဘိုးကြီးပစ္စည်းတွေ၊ ကျွဲ၊နွားတွေ၊ အိမ်အသုံးအဆောင်တွေ ဓားပြတိုက်လုယက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက အဲ့ဒီ ပျူအုပ်စုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အင်မထီးရွာဟာ ပျူစောထီး သင်တန်းပေးနေတဲ့ရွာ ဖြစ်ပြီး စကစ အင်အား(၂၀)နှင့် ပျူ(၆၀)ဝန်းကျင် တပ်စွဲထားတယ်လို့ ဆိုပါတယ်။
“စကစ လေးကောင်နှင့် ပျူ(၁၄)ကောင် စုစုပေါင်း (၁၈)ကောင် သေသည်။ ညနေ (၅း၂၀)မှ ည(၁၀)နာရီအထိ (၄)နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့သည်။ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၂၃)နှင့်(၃၀) တို့မှ ရဲဘော် နှစ်ဦးနှင့် မဟာမိတ်အဖွဲ့မှ ရဲဘော်တစ်ဦး၊ စုစုပေါင်း သုံးမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း ဒါဏ်ရာ အနည်းငယ် ပြင်းထန်ခဲ့သည်” လို့ PRA က ဖော်ပြပါတယ်။
အင်းမထီးရွာက ပျူအုပ်စုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) တပ်ခွဲ(၁/၂/၆/၇/၂၃/၂၈/၃၀) ၊ ကျားသစ်နက် တပ်ဖွဲ့၊ PPDG၊ MVRF၊ ဒေါင်းနက်နယ်စည်းမခြား တပ်ဖွဲ့၊ ဖီးနစ်ပြောက်ကျားတပ် တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ PRA က ထုတ်ပြန်ပါတယ်။
ပုလဲနယ်က အင်းမထီးရွာနဲ့ ဇီးဖြူကုန်းရွာဟာ စစ်ကောင်စီရဲ့ အားပေးအားမြှောက် ထောက်ပံ့မှုနဲ့အတူ ပျူတွေ ကြီးစိုးတဲ့ ရွာတွေဖြစ်နေပြီး အဲ့ဒီနှစ်ရွာမှာ စစ်အုပ်စုက ပျူသင်တန်း ပေးနေသလို ပျူအခြေစိုက်စခန်းတွေလည်း ဖွင့်လှစ်ထားပါတယ်။ အဲ့ဒီ အင်းမထီးနဲ့ ဇီးဖြူကုန်းရွာက ပျူတွေဟာ စစ်အုပ်စုနဲ့ ပေါင်းပြီး အနီးအနားက ရွာတွေကို အကြမ်းဖက်စီးနင်းတာ၊ ဓားပြတိုက်လုယက်ခိုးယူတာ၊ နေအိမ်မီးရှို့တာ၊ ဒေသခံအချင်းချင်း သတ်ဖြတ်တာ၊ အနိုင်ကျင့် ဖမ်းဆီးနှိပ်စက်ငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။
အဲ့ဒီလို ထင်တိုင်းကျဲ သောင်းကျန်းနေတဲ့ စကစနဲ့ ပျူအုပ်စုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ခုခံတိုက်ခိုက်တာကြောင့် မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment