March 7.2022
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားမြို့နီး စစ်ကောင်စီတပ်ယာဥ်တန်းတးမိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် နှစ်ဖက်တပ် အကျအဆုံးများကြောင်း သိရသည်။
ယနေ့ မတ်လ ၇ ရက်နေ့ နံနက် ၇ နာရီအချိန် တွင် နန်းမားမြို့အဝင်နား၌ မိုးညှင်း ဘက်မှတက်လာသည့် စစ်ကောင်စီကားနှစ်စီးကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာနှစ်ဖက်စလုံးတွင် တပ်သားအကျအဆုံးရှိသည်ဟု ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNGသတင်းဌာနသို့ပြောသည်။
''တခြားမီဒီယာမှာလည်းတွေ့နေရတယ်။ စာရင်းကဘယ်နယောက် ဆိုပြီးမှပြောကြတယ်။ ကျဆုံးတာကတော့နှစ်ဖက်အကျအဆုံးအထိအခိုက်ရှိတာပေါ့။ ဒါပေမယ့် စာရင်းအတိအကျကတော့ မြေပြင်ရှေ့တန်းမှာပဲပိုသိမယ်ဗျ။ အဲ့ဒါကြောင့် အကျအဆုံးကတော့နှစ်ဖက်စလုံးရှိတယ် အသိအကျမသိရသေးဘူး''ဟု ၎င်းကပြောသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ထိုနေရာတွင် မိနစ် ၂၀ ဝန်းကျင်ခန့် အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လက် နက်ကြီးဖြင့်ယမ်းသမ်းပစ်ခတ်မှုများ ရှိခဲ့သော်လည်း အများပြည်သူထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။
''ပစ်ခတ်မှုဖြစ်တာက နန်းမားမြို့ရဲ့တောင်ဘက်ပိုင်းကျတယ် စစ်ကောင်စီဘက် လက်နက်ကြီးခြောက်လန့်ပစ်ခတ်တာတွေရှိခဲ့တာပေါ့။ ထိခိုက်မှုတော့မရှိဘူး''ဟု နန်းမားဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ယနေ့ တိုက်ခိုက်မှုဖြစ်ပွားရာတွင် PDFဘက်မှ ၇ဦးထက်မနည်း ကျဆုံးကြောင်းသတင်းများထွက်ပေါ်နေပြီး အတည်ပြု၍မရနိုင်သေးကြောင်း ဟိုပင် PDF တပ်ဖွဲ့ဝင်ကထည့်သွင်းပြောဆိုခဲ့သည်။
အဆိုပါစစ်ကောင်စီကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အချိန်အနည်းငယ်အကြာတွင် စစ်ကောင်စီကားခြောက်စီးခန့်က မိုးညှင်းဘက်မှ စစ်ကူတက်လာခဲ့ကြောင်းသိရပြီးလက်ရှိတွင် စောင့်ကြည့်ရသည့် အခြေအနေတွင်ရှိကြောင်းသိရသည်။
Kachin News Group
No comments:
Post a Comment