ဂန့်ဂေါ၊ မတ် ၂၂
စစ်ဘေးရှောင်ပြည်သူများကို သွားရောက်ကယ်ထုတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် ၆ ဦး ကျဆုံး ခဲ့ကြောင်း PDF-GanGawက ယနေ့ထုတ်ပြန်သည်။
ကလေးဘက်မှတက်လာသော အကြမ်းဖက်စစ်သားများနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်းရွာများမှ ပျူစောထီးများပူးပေါင်းပြီး မြစ်သာမြစ်တစ်ဖက်ကမ်းရှိ စစ်ဘေးရှောင်များ ရှိရာနေရာများ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကို ပြည်သူ့ကာကွယ်ရတပ်ဖွဲ့က သွားရောက်ကယ်ထုတ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
"တိုက်ပွဲအကြားရောက်ရှိနေသော စစ်ရှောင်ပြည်သူများကို သွားရောက်ကယ်ထုတ်ရာတွင် စစ်ရှောင်ပြည်သူများ ကို အကာအကွယ်ယူကာ ခြုံခိုစောင့်နေသော စခများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲပြင်းထန် ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပါသည်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ကယ်ထုတ်ရာတွင် PDF GanGawဘက်က ရဲဘော် ၆ ဦးကျဆုံးခဲ့ပြီး ၆ ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ ကာ အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများရှိသော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေး ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တိုက်ပွဲကြားပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်နိုင်ခြင်းရှိမရှိကို လူငယ့်ခေတ် က PDF-GawGaw ကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ၎င်းတို့ စစ်ကြောင်းတစ်လျောက် စစ်ရှောင်တဲများအပါ အဝင် ရွာမရွာမှ (Backhoe တစ်စီး၊ လယ်ထွန်စက် ၂ စီး၊ FORLAND ကားတစ်စီး)နှင့် တော်ဝင်ရွာမှ လယ်ထွန်စက် တစ်စီးနှင့် FORLAND ကား ၂ စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နွားများကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု PDF-GanGawက ဆိုသည်။
အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် အင်အားဆက်လက်ဖြည့်တင်းလျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ များနှင့် အချိန်မရွေး ထိတွေ့မှုများ ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် လုံခြုံဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြပါရန်နှင့် ခရီးအသွားအလာ ဆင်ခြင်ကြပါရန် PDF-GanGawက သတိပေးထားသည်။
Lu Nge Khit

No comments:
Post a Comment