NUG ၏ အမည်ပျက်စာရင်းဝင် ရွှေဗျိုင်းဖြူဦးသိန်းဝင်းဇော်၏ ဆီဆိုင် ပထမဆုံးအကြိမ် ဗုံးခွဲခံရ


ပခုက္ကူ၊ မတ်လ (၂၂)

အမျိုးသားညွီညွတ်ရေးအစိုးရ NUG ၏ အမည်ပျက်စာရင်းတွင်ပါဝင်သူ ဦးသိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင် (ပခုက္ကူ) ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ မတ်လ (၂၁) ရက် ညနေပိုင်းက မကွေးတိုင်း၊ ပခုက္ကူမြို့ရှောင်လမ်းပေါ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ယခုအခါ စက်သုံးဆီဆိုင်ကို ပိတ်ထားသည်ဟု မြို့ခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

"မြို့ထဲမှာ အဖမ်းခံရတဲ့လူတွေ ရှိတယ်လို့ကြားတယ်။ အတည်မပြုပေးနိုင်ဘူး။ အစစ်အဆေးတွေက လမ်းထိပ်မှာတင်ရှိနေလို့ ဘယ်မှကိုမထွက်ဘူး။ ဒီမှာတော့ တယ်လီနောကို ဝယ်လို့ ရွှေဗျိုင်းဖြူကို ကစ်တာလို့ ပြောနေတယ်။" ဟု ၎င်းက ပြောသည်။

ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်ပိုင်ရှင် ဦးသိန်းဝင်း‌ဇော်ကို စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးသည်ဟုဆိုကာ NUG အစိုးရက မတ်လ (၄) ရက်တွင် အမည်ပျက်စာရင်းသွင်းခဲ့သည်။

ဦးသိန်းဝင်ဇော်မှာ တယ်လီနောမြန်မာကို ဝယ်ယူရန် စစ်ကောင်စီဘက်မှ အသုံးပြုထားသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။

ဗုံးခွဲခံရမှုကြောင့် အဆောက်အဦး၊ ဆီပန့်၊ CCTV များပျက်ဆီးခဲ့သည့်အပြင် ဆီဆိုင်ဝန်ထမ်းတစ်ဦးနှင့် ဆီလာဖြည့်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ငွေကျပ်သိန်း (၁၅၀) ခန့်ကို လူပုဂ္ဂိုလ် (၅) ဦးက ယူဆောင်သွားသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

တော်လှန်ရေးသမားများသည် ဦးတေဇပိုင်ဆိုင်သည့် စက်သုံးဆီဆိုင်ကို ယခင်က ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းရှိခဲ့သော်လည်း ယခု ဦးသိန်းဝင်းဇော်ဆိုင်ကို တော်လှန်ရေးအဖွဲ့များ ဖောက်ခွဲခြင်းဟုတ်မဟုတ်နှင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရသေးပေ။


Lu Nge Khit

NUG ၏ အမည်ပျက်စာရင်းဝင် ရွှေဗျိုင်းဖြူဦးသိန်းဝင်းဇော်၏ ဆီဆိုင် ပထမဆုံးအကြိမ် ဗုံးခွဲခံရ NUG ၏ အမည်ပျက်စာရင်းဝင် ရွှေဗျိုင်းဖြူဦးသိန်းဝင်းဇော်၏ ဆီဆိုင် ပထမဆုံးအကြိမ် ဗုံးခွဲခံရ Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.