ရေး ၊ မတ် ၁၀
ရေးမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့နေအိမ်ကို ဒီကနေ့ ညနေ ၅ နာရီ မိနစ် ၄၀ ခန့်မှာ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့ (MSRO) က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲမှု ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ စစ်ကောင်စီထောက်တိုင် မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ အနိုင်ကျင့်ဒုက္ခပေးနေတာာကြောင့် နေအိမ်ကို ဖောက်ခွဲရတာလို့ MSRO က ဆိုပါတယ်။
နေအိမ်ဖောက်ခွဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။
ဆက်လက်ပြီး အရင်က ကြေညာထားတဲ့အတိုင်း စစ်ကောင်စီထောက်တိုင် ရုံး၊ဌာနတွေကို အလှည့်ကျ ဖောက်ခွဲမှုလုပ်သွားမယ်လို့လည်း MSRO က ထပ်မံအသိပေးလိုက်တာ ဖြစ်ပါတယ်။
မနေ့က ညနေ ၄ နာရီခန့်မှာလည်း ရေးမြို့နယ်ရှိ စည်ပင်ရုံးက Non CDM ဝန်ထမ်းတွေကို သတိပေးတဲ့အနေနဲ့ MSRO က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲမှုပြုလုပ်ခဲ့ပါသေးတယ်။
အရင်က မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအစည်းအရုံး (MSRU) ဆိုတဲ့ အမည်ကနေ ဒီကနေ့ကစပြီး မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့ (MSRO) အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာလို့ ထုတ်ပြန်ထားပါတယ်။
MSRO အဖွဲ့ဟာ အာဏာရှင်ပပျောက်ရေးနဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ပြည်သူတွေလိုလားတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အလေးနက်တန်ဖိုးထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးကို ရည်ရွယ်ကာ မွန်ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
သတင်း - သံလွင်တိုင်းမ်
No comments:
Post a Comment