၃ရက်အတွင်း စစ်ကောင်စီတပ်များ ဆုတ်ခွာရန် ရတခတိုင်းမှူးထံ KNU ဒူးပလာယာခရိုင် အကြောင်းကြားစာထုတ်



မတ်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ 

လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်ရိတ်တောင်ပိုင်းဒေသများအတွင်း ဝင်ရောက်တပ်စွဲအခြေပြုလှုပ်ရှားနေသော စစ် ကောင်စီတပ်များအနေဖြင့် ၃ရက်အတွင်း ပြန်လည်ဆုတ်ခွာရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာ ခရိုင်က အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ အသိပေး အကြောင်းကြားစာထုတ်လိုက်သည်။

စစ်ဘေးရှောင်ပြည်သူလူထုများသည် ၎င်းတို့ကျေးရွာနေအိမ်များသို့ အေးချမ်းစွာ ပြန်လည်နေထိုင်လုပ်ကိုင်စားသောက် နေထိုင်ရေးအတွက် လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင်ပိုင်းဒေသများအတွင်း ဝင်ရောက်တပ်စွဲကာ အခြေပြု လှုပ်ရှားနေကြသော စစ်ကောင်စီတပ်များကို ယခုအသိပေးအကြောင်းကြားသည့် စာထုတ်ပြန်သည့်နေ့ရက်မှစတင်၍ ၃ရက်အတွင်း ပြန်လည်ဆုတ်ခွာရန် အသိပေးအပ်ပါသည်ဟု မွန်ပြည်နယ်၊ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ ကေအဲန်ယူ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန် လက်မှတ်ဖြင့် အသိပေး အကြောင်းကြားစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပဒိုစောလစ္စတန်က "အခု ပြည်သူတွေ ခံစားနေရတာ လနဲ့ချီ နေပါပြီ။ ရာသီဥတုကလည်း ဖောက်ပြန်မှုတွေကြားထဲမှာ နေရာထိုင်ခင်း၊ မလုံလောက်တာ၊ မိခင်နဲ့ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် တော်တော်လေးဆိုးရွားပါတယ်။ သူတို့နေအိမ်ကို အေးအေးချမ်းချမ်းနဲ့ ပြန်နေချင်ကြတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေက ရွာထဲမှာ တပ်စွဲထားတဲ့ အတွက် ပြန်နေလို့မရဲကြဘူး။ ဒီအခြေအနေတွေကို တင်ပြလာတဲ့အပေါ်မှာ ကျနော်တို့ ခေါင်းဆောင်တွေ ခေါင်းချင်း ဆိုင် ရေးသား၊ အတည်ပြုပြီးမှ ကျနော်လက်မှတ်ထိုးတယ်။ ပြီးမှ ရတခတိုင်းမှူးဆီကို ပို့မယ်ပေါ့နော်။ ဆက်ဆံရေးရုံး က တစ်ဆင့်ပေါ့နော် အဲလိုပါပဲ။"ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စာပါသတ်မှတ်ရက်အတွင်း ပြန်လည်ဆုတ်ခွာခြင်းမရှိပါက နောက်ပိုင်းဖြစ်ပေါ်လာမည့် အကျိုးဆက်များ၊ ပြဿနာများသည် မိမိတို့ ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ အမှတ် ၆ တပ်မဟာ၏ တာဝန် မဟုတ်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ တာဝန်သာဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

၎င်းအသိပေးစာတွင် ကေအဲန်ယူ၊ ဒူးပလာယာခရိုင် အမှတ် ၆ တပ်မဟာဒေသအတွင်း ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် နေ့မှစတင်၍ စစ်ကောင်စီတပ်များမှ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေါနအရှေ့ခြမ်းရှိ လေးကေ့ကော်မြို့သစ် အပါအ ဝင် အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူလူထုများ၊ ဒေါနအနောက်ခြမ်း ကော့ကရိတ်တောင်ပိုင်းရှိ ကျေး ရွာများမှ ပြည်သူလူထုများမှာ မိမိတို့၏ ကျေးရွာများအား စွန့်ခွာထွက်ပြေးစစ်ဘေးရှောင်နေကြရသည်ဟု ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များမှ ယနေ့ထိတိုင် တပ်စွဲလှုပ်ရှားလျက် ပြည်သူတို့၏ အိုးအိမ်ပစ္စည်းများစွာကို အဓမ္မသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းများကြောင့် စစ်ဘေးရှောင်ပြည်သူလူထုများမှ ၎င်းတို့၏ ကျေးရွာနေအိမ်များသို့ ပြန်လည်နေထိုင်ခြင်း မပြုရဲသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ပြောဆိုထားသည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလပိုင်းက စတင်ဖြစ်ပွားသည့် မြဝတီတောင်ဘက် လေးကေကော်ဒေသ စစ်ပွဲပဋိပက္ခနှင့် ကော့က ရိတ်တောင်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် သောင်းနှင့်ချီသော ဒေသခံပြည်သူများသည် အိုးအိမ်စွန့်ခွာပြီး အသက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအချိန်ထိ ၎င်းတို့ ကျေးရွာများအတွင် စစ်ကောင်စီတပ်များ တပ်စွဲထားဆဲဖြစ်ရာ နေရပ်ပြန်နေထိုင် နိုင်ရန်မှာ မလွယ်ကူသေးကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။


Karen Information Center -KIC 

၃ရက်အတွင်း စစ်ကောင်စီတပ်များ ဆုတ်ခွာရန် ရတခတိုင်းမှူးထံ KNU ဒူးပလာယာခရိုင် အကြောင်းကြားစာထုတ် ၃ရက်အတွင်း စစ်ကောင်စီတပ်များ ဆုတ်ခွာရန် ရတခတိုင်းမှူးထံ KNU ဒူးပလာယာခရိုင် အကြောင်းကြားစာထုတ် Reviewed by THITHTOOLWIN on 19:34 Rating: 5

No comments:

Powered by Blogger.