Mar 24,2022
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ အောင်ရာကျေးရွာအနီးတွင် တနိုင်းမြို့ဘက်သို့တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့နံနက်ပိုင်း ၁၁နာရီဝန်းကျင်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မိုင်းခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် နံနက်အစောပိုင်းက တိန်းကောက်ကျေးရွာမှထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ ခလရ ၂၆၀တပ်ရင်းမှ စစ်အင်အား ၅၀ကျင်ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပြီး ကောင်ရာကျေးရွာအလွန် တနိုင်းမြို့အဝင်အနီး ၈မိုင်လမ်းထောင့်တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု အောင်ရာကျေးရွာဒေသခံတစ်ဦးက KNG သတင်းဌာနကိုအတည်ပြုပြောဆိုသည်။
"တိုက်ပွဲဖြစ်တဲ့နေရာက အောင်ရာကျေးရွာနဲ့ ၂မိုင်လောက်ရှိတဲ့ ၈မိုင်နေရာမှာဖြစ်ကြတာဟုတ်တယ်။ ဒီဘက်က ဗမာစစ်သားတွေတက်လာတယ်ဆိုတာကို KIA ဘက်က ကြိုသိထားလို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဟုတ်။ ဒီမနက် ရွာကနေ ဖြတ်သွားတာက ၅၀လောက်ရှိတယ်။ သူတို့က ကားလမ်းမကြီးအတိုင်းတက်လာတယ်ဆိုပေမယ့် မိုင်းဆွဲခံရတဲ့နေရာက တောအနီးတဝိုက်မှာဆိုတော့ ထိခိုက်မှုသေဆုံးမှုက အခုချိန်ထိမသိရသေးဘူး။ ထိခိုက်မှုတော့ရှိနိုင်တယ်လို့တော့သိရတယ်"ဟုပြောဆိုသည်။
ယနေ့နံနက် ၈မိုင်အနီးတွင်တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် တိန်းကောက်နှင့်ကောင်ရာအနီတဝိုက်တွင် ပုံမှန်စစ်ရေးလှုပ်ရှားနေသည့်တပ်ဖွဲ့ဖြစ်ပြီး အဆိုပါတပ်ဖွဲ့သည် တနိုင်းမြို့မှတဆင့် ရှင်ဗွေယန်လမ်း တရုန်ကျေးရွာဘက်သို့ ဦးတည်ကာစစ်ရေးလှုပ်ရှားလာသော တပ်ဖွဲ့ဖြစ်သည်ဟုသိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်နှင့်ပတ်သက်ပြီး တနိုင်းမြို့အတွင်းမှလည်း လက်နက်ကြီးသံများကြားရသည်ဟု တနိုင်းမြို့ခံ အေးသုခရပ်ကွက်နေ အမျိုးသားတစ်ဦးက ယခုလိုပြောဆိုထားသည်။
"လက်နက်သံတွေက တနိုင်းချောင်းအောက်ဘက်မှာ ကြားရတာဟုတ်တယ်။ လေး ငါးချက်လောက် အသံကြားရတယ်။ ကျနော်တို့က တိုက်ပွဲဖြစ်တာလား။ ဘယ်ဘက်ကပစ်တာလဲတော့ အသေးစိတ်မသိရဘူး။ ပစ်ခတ်ကြတာတော့ သေချာတယ်"ဟုပြောဆိုသည်။
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရသည့် လမ်းမကြီးပေါ်နေရာတဝိုက် စစ်ကောင်စီတပ်ဖွဲ့ နှင့် KIA တို့ကြားမကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး ၁လခန့်အကြာတွင် ယခုလို KIA က ပြန်လည်တိုက်ခိုက်ခြင်းဖြစ်ပါသည်။
Kachin News Group

No comments:
Post a Comment