ဆွမ်ပီယန်ကျေးရွာတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

ဓါတ်ပုံ- KIA၊PDF ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီ၏ ဆွမ်ပီယန်တပ်စခန်းအား ဖေဖော်ဝါရီလ (၁) ရက်နေ့က သိမ်းပိုက်ခဲ့စဉ်။

မတ်၊၄

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည့် တပ်စခန်းတွင်  ယနေ့မနက်(၈)နာရီမှ(၁၂)နာရီအထိ နှစ်ဖက်တပ် တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများက ယမန်နေ့မှ စတင်ကာ ရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ဒီနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲ ဖြစ်ကြသေးတယ်။ (၈)နာရီကနေ (၁၂)နာရီအထိ။  (၃၀၀)ဝန်းကျင်လောက် ရှိမယ်။ လောလောဆယ်တော့ ငြိမ်နေပြီ။ အခုလည်း စစ်သား‌တွေ ရွာထဲမှာ ရှိနေတုန်းပဲ။ လက်နက်ကြီး/ငယ် ကြားရတာ ဟုတ်တယ်။ အဆက်မပြတ်ကို ပစ်တာ"ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာပါက လမ်းများပိတ်နိုင်သောကြောင့် တော၊ တောင်များတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ အစားအသောက်များ ခက်ခဲလာမည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

"အခုလိုမျိုး ဖြစ်တော့ ပြည်သူလူထုတွေက ရှောင်ပုန်းနေရတော့ အခက်အခဲ အများကြီး ရှိတာပေါ့။ လမ်းတွေ ပြန်ပိတ်ရင် အစားအသောက် ခက်လာမှာလည်း စိုးတယ်။ တောထဲကနေလည်း ထွက်လို့မရ ဆိုတော့အားလုံးဝိုင်းပြီး ပြည်သူတွေ အတွက် စဉ်းစားစေချင်တာပေါ့ "ဟု ၎င်းက ပြောသည်။

လက်ရှိ ရွာထဲတွင် ဝင်ရောက်နေသည့် စစ်သားများသည် ပူတာအိုမှ ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသူများ ဖြစ်ပြီး အင်အား(၃၀၀)ဝန်းကျင် ရှိကြောင်း လည်း သိရသည်။

စစ်ကောင်စီဘက်မှ ယမန်နေ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးများကြောင့် ရွာတွင်းက နေအိမ် (၅) လုံးထက်မနည်း ပျက်စီးခဲ့သည်ဟုလည်း ဒေသခံက ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ဖေဖော်ဝါရီ(၁)ရက်က တိမ်းယူနိုင်ခဲ့သည့် ဆွမ်ပီယန်ကျေးရွာက ယင်း စစ်ကောင်စီတပ်ပေါင်းစု စခန်းကို စစ်ကောင်စီတပ်သားများက စစ်ကြောင်းထိုး ပြန်လည်တိုက်ခိုက်လာခြင်း ဖြစ်သည်။


Myitkyina News Journal 

ဆွမ်ပီယန်ကျေးရွာတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား ဆွမ်ပီယန်ကျေးရွာတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား Reviewed by THITHTOOLWIN on 23:04 Rating: 5

No comments:

Powered by Blogger.