မြစ်ငယ်မြို့ကို စစ်အုပ်စု ဆက်ပိတ်ဆို့ထားပြီး CDM ဝန်ထမ်းတွေကို နှင်ချရုံသာမက ရပ်ကွက်တွေကိုပါ ကျူးရှင်းမယ်လို့ စာလိုက်ကပ်
မြစ်ငယ်မြို့က နေအိမ်တချို့ (ပုံဟောင်း)/Photo – CJ |
မတ် - ၇
မန္တလေးမြို့ အမရပူရမြို့နယ် မြစ်ငယ်မြို့ အဝင်အထွက်လမ်းတွေကို စစ်အုပ်စုက သုံးရက်ဆက်အဖြစ် ဆက်လက် ပိတ်ဆို့ထားပြီး CDM ရထားဝန်ထမ်းတွေကို လိုင်းခန်းမှ နှင်ချရုံသာမက ရပ်ကွက်တချို့ကိုပါ ကျူးကျော်တွေဆိုပြီး ဖယ်ရှားရွှေ့ပြောင်းခိုင်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
လက်ရှိမှာ မြစ်ငယ်မြို့ပေါ် ရပ်ကွက်တွေ ဖြစ်တဲ့ ဒေါန၊ အောင်မင်္ဂလာ၊ သာယာကုန်း၊ အောင်သပြေ စတဲ့ ရပ်ကွက်လေးခုက လူနေအဆောက်အဦ၊ ဝန်ထမ်းလိုင်းခန်းနဲ့ ဈေးဆိုင်ခန်းတွေကိုပါ ရက်ပိုင်းအတွင်း အပြီးဖျက်သိမ်းပြီး ဖယ်ရှားပေးကြဖို့ စစ်အုပ်စုက ဒီကနေ့ စာတွေ လိုက်ကပ်တယ်လို့ ဆိုပါတယ်။
"အိမ်တွေကို စာတွေလိုက်ကပ်တာ၊ သက်ကြီးရွယ်အိုလည်း နားမလည်ဘူး။ ရွှေ့၊ ဘာမှပြန်မမေးနဲ့၊ စာမဖတ်တတ်ရင် သူများဖတ်ခိုင်း၊ ငါးရက်နေရင် ရွှေ့၊ မရွှေ့ရင် ဟိုမှာ ဘူဒိုဇာရှိတယ်။ ထိုးမှာ။ ဒါပဲ ဆိုပြီး အာ့လိုပြောပြီး လိုက်ကပ်သွားတာ" လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ မတ် (၅)ရက် မနက်ပိုင်းကတည်းက မြစ်ငယ်မြို့ကို ပိတ်ဆို့ထားတာ ဖြစ်ပြီး အချုပ်ကား အပါအဝင် အင်အားအများအပြားနဲ့ မြို့တွင်း ဝင်ရောက် တပ်ဆွဲထားတာ ဖြစ်ပါတယ်။ ကနဦးအနေနဲ့ မြစ်ငယ် မီးရထားရုံက CDM ဝန်ထမ်းတွေကို ဖိအားပေး ခြိမ်းခြောက် ရွှေ့ပြောင်းခိုင်းပြီး လူမရှိတော့တဲ့ ဝန်ထမ်းလိုင်းခန်းတွေက အိမ်အသုံးအဆောင် ပစ္စည်းတွေကို စစ်အုပ်စုက ဆွဲထုတ် ဖယ်ရှား ရှင်းလင်းခဲ့တာပါ။
အခုတော့ နောက်တဆင့်အနေနဲ့ မြို့ပေါ် ရပ်ကွက်က ကျူးကျော်လို့ သူတို့ သတ်မှတ်တဲ့ နေအိမ်၊ အဆောက်အဦးတွေကိုပါ ခြိမ်းခြောက်ပြီး ဖယ်ရှားခိုင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ငယ်မြို့ပေါ် ရပ်ကွက်(၁၀)ခုကျော် ရှိတဲ့အနက် လက်ရှိမှာ ခြောက်ရပ်ကွက်ကို ငါးရက်အတွင်း အပြီးဖယ်ပေးကြဖို့နဲ့ မဖယ်ရင် ဘူဒိုဇာနဲ့ ထိုးဖျက်မယ့်အကြောင့် စစ်အုပ်စုက စာတွေ လိုက်ကပ်ထားပြီး ကျန်နေသေးတဲ့ မြစ်ငယ်မြို့ပေါ် ရပ်ကွက်တွေကိုလည်း ဖျက်သိမ်းရွှေ့ပြောင်းကြဖို့ နောက်နေပတွေမှာ စာလိုက်ကပ်မယ်လို့ သတင်းထွက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုက ခြိမ်းခြောက်ပြီး ဖျက်သိမ်းရွှေ့ပြောင်းခိုင်းနေတဲ့ နေအိမ်တွေမှာ ပင်စင်စား ဝန်ထမ်းတွေ၊ CDM မိသားစုတွေ အများအပြား ပါဝင်နေပြီး လက်ရှိမှာ နေထိုင်ရေး အခက်အခဲ ဖြစ်လာတဲ့အတွက် CDM ဝန်ထမ်းတချို့ Non-CDM အဖြစ်နဲ့ စစ်ကောင်စီ လက်အောက်မှာ အလုပ်ပြန်ဝင်ဖို့ စာရင်းပေးကြတာတွေလည်း အများအပြား ရှိလာနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မြစ်ငယ်မြို့ မြန်မာ့မီးရထား လူစီးတွဲနဲ့ ကုန်တွဲစက်ရုံ (မြစ်ငယ်)က ထောင်ချီတဲ့ ဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။
စစ်အုပ်စုကလည်း မြစ်ငယ်က CDM ရထားဝန်ထမ်းတွေကို အငြိုးထား ဖိနှိပ်နေတာ ဖြစ်ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment