မန္တလေး မြစ်ငယ်မြို့ကို စစ်အုပ်စု ဆက်ပြီး ပိတ်ဆို့ထား၊ CDM ရထားဝန်ထမ်းတွေကို လိုင်းခန်းက နှင်ချနေပြီး လူမရှိတဲ့အခန်းတွေက ပစ္စည်းတွေကို ဆွဲထုတ်ဖယ်ရှားနေ
မြစ်ငယ် မီးရထားရုံက ဝန်ထမ်းတွေ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြခဲ့စဉ်/Photo – CJ |
မတ် - ၆
မန္တလေးမြို့ အမရပူရမြို့နယ် မြစ်ငယ်မြို့ကို စစ်အုပ်စုက အင်အားအများအပြားနဲ့ ဆက်လက် ပိတ်ဆို့ထားပြီး မြစ်ငယ် မီးရထားရုံက CDM ဝန်ထမ်းတွေကို ငါးရက်အတွင်း လိုင်းခန်းကနေ ဖယ်ရှားပေးဖို့ ဖိအားပေး ခြိမ်းခြောက် နှင်ချနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ မနေ့ မတ်(၅)ရက်ကတည်း မြစ်ငယ်မြို့ အဝင်အထွက် လမ်းတွေကို ပိတ်ဆို့ထားတာ ဖြစ်ပြီး လက်ရှိမှာ အချုပ်ကားတွေ အပါအဝင် အင်းအားအများအပြားနဲ့ CDM မီးရထားဝန်ထမ်းတွေကို ဝန်ထမ်းလိုင်းခန်းက ဖယ်ပေးဖို့ လာရောက် ခြိမ်းခြောက် နှင်ချနေတာလို့ ဆိုပါတယ်။
"ငါးရက်အချိန်ပေးတယ်လို့ ပြောတယ်။ စီတွေ(CDM)ကို လိုင်းခန်းတွေကနေ ဖယ်ခိုင်းတာပေါ့။ လူမရှိတော့တဲ့ အခန်းတွေဆို အထုပ်တွေ၊ ပစ္စည်းတွေ၊ အကုန်ဆွဲထုတ်ပြီး ပစ်ချထားတာပေါ့။ ပြီးတော့ ဘေးက ကျူးတဲတွေကိုလည်း ဘူဒိုဇာနဲ့ ထိုးမယ်လို့ပြောတယ်" လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက မြစ်ငယ်မြို့ကို ပိတ်ဆို့ပြီး လာရောက်နှင်ချတဲ့ အချိန်မတိုင်ခင် ကတည်းက CDM ဝန်ထမ်းအများစုကတော့ ဝန်ထမ်းလိုင်းခန်းမှာ မနေရဲတော့ဘဲ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အသုံးအဆောင် ပစ္စည်းတွေ မရွှေ့ပြောင်းရသေးဘဲ ကျန်ရစ်တာမို့ အခု စစ်အုပ်စုက အဲ့ဒီပစ္စည်းတွေကို ဝန်ထမ်းလိုင်းခန်းကနေ ဆွဲထုတ်ပစ်ချနေတာလို့ ဆိုပါတယ်။
လိုင်းခန်းမှာ ဆက်လက်နေထိုင်နေတဲ့ CDM ဝန်ထမ်းတွေကိုလည်း ငါးရက်အတွင်း ဖယ်ခိုင်းနေပြီး အချုပ်ကားတွေနဲ့ စောင့်ကြည့်နေကာ အင်အားသုံးဖယ်ရှားမယ့် အနေအထား ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ဒီကနေ့ မတ်(၆) ရက် ညနေပိုင်းအထိ မြစ်ငယ်မြို့ အဝင်အထွက် လမ်းတွေကို ပိတ်ဆို့ထားဆဲဖြစ်ပြီး မြစ်ငယ်မြို့တွင်းမှာလည်း ကင်းလှည့်လည်နေတာကြောင့် ဒေသခံတွေ ကြောက်လန့်နေပြီး ဈေးဆိုင်တွေလည်း မဖွင့်ရဲကြဘူးလို့ မြိုကခံတစ်ဦးက MFP ကို ပြောပါတယ်။
မြစ်ငယ်မြို့က မြန်မာ့မီးရထား လူစီးတွဲနဲ့ ကုန်တွဲစက်ရုံ (မြစ်ငယ်)မှာ ဝန်ထမ်း (၂၀၀၀)နီးပါး ရှိပြီး အဲ့ဒီထက်က ဝန်ထမ်း (၁၀၀၀)ကျော်ဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ အဲ့ဒီ ထောင်ချီတဲ့ CDM ဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော် ကြာချိန်အထိ စစ်ကောင်စီ လက်အောက်မှာ လုပ်ကိုင်ခြင်း မရှိဘဲ CDM အနေနဲ့ ဆက်လက်ပါဝင်နေကြတာပါ။
မြစ်ငယ်မီးရထားရုံက ဝန်ထမ်းအများစုဟာ ဝန်ထမ်းလိုင်းခန်းမှာ နေထိုင်ပြီး သားစဉ်မြေးဆက် မီးရထားဝန်ထမ်း လုပ်ကိုင်ခဲ့ကြတာကြောင့် တခြား နေစရာ အိမ်မရှိကြဘူးလို့ ဝန်ထမ်းတွေက ပြောပြဖူးပါတယ်။
မြစ်ငယ်မီးရထားရုံ ဝန်ထမ်းလိုင်းခန်းမှာ နေထိုင်တဲ့ CDM ဝန်ထမ်းတွေကို လိုင်းခန်းကနေ ဆင်းပေးဖို့ စစ်အုပ်စုက မကြာခဏ ဖိအားပေး နှင်ချနေပြီး အခုတော့ အင်အားအလုံးအရင်းးနဲ့ စီးနင်းပိတ်ဆို့ နှင်ချနေတာ ဖြစ်ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment