ကန်ပက်လက်၊ မတ် ၁၆၊ ၂၀၂၂။
ကန်ပက်လက်မြို့ စမ္မသားရွာဟောင်းအတွင်း မတ်လ ၁၅ ရက်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး Chin Defense Force Kanpetlet ၏ တပ်မဟာဌာနချုပ်ကို ယာယီလက်လွှတ်ခဲ့ရသည်။
ကန်ပက်လက်မြို့နယ်တွင်း CDF အဖွဲ့များနှင့် တပ်မ ၅၅ လက်အောက်ခံ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ကျော် တို့သည် မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ၄ ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများအသုံးပြုခြင်း ကျေးရွာများအတွင်းသို့ ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများကိုငဲ့ကွက်ကာ နောက်ဆုတ်ပေးခဲ့ရကြောင်း သိရသည်။
"ကျနော်တို့အဲဒီတိုက်ပွဲတွေမှာ ကျည်ကုန်တဲ့ပြဿနာ လက်နက်အင်အားမမျှတာတွေကြောင့် ကျနော်တို့ နောက်ဆုတ်ခဲ့ရတယ်၊ကျနော်တို့ကို ပြည်သွင်းပြည်ပမှာရှိတဲ့တော်လှန်ရေးထောက်ပို့တွေဖြစ်ဖြစ် မြန်မာနိုင်ငံသားဖြစ်ကြတဲ့ မိဘပြည်သူတွေအားလုံးအနေနဲ့ ဝိုင်းဝန်းပြီးတော့မှ ကျနော်တို့ရဲ့တော်လှန်ရေးကြီးအမြန်ဆုံးအောင်မြင်ဖို့အတွက် ဝိုင်းဝန်းကူညီပေးကြဖို့မေတ္တာရပ်ခံပါတယ်" CDF-Kanpetletတာဝန်ခံက မြေလတ်အသံကိုပြောသည်။
တပ်မဟာဌာနချုပ်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် လောင်းပန်းရွာအထက်နား ပန်းတောင်ကျောတွင် ၁၁ ရက်နေ့က ၁ ကြိမ်၊ ငုံလောင်းရွာမြောက်ဖက် အမ်ပုံရွာ အထက်ပိုင်းမှာ ၁၃ ရက်နေ့နှင့် ၁၄ ရက်များတွက်ဆက်တိုက်နှင့် ဆမ်မဒါးရွာဟောင်းထဲမှာ ၁၅ ရက်နေ့မှာ ၁ ကြိမ်တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးနှင့်အထက်သေဆုံးဒဏ်ရာရခဲ့ကာ တော်လှန်ရေးရဲဘော်များဘက်က ၁ ဦးကျဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ၎င်း ကဆက်လက်ပြောသည်။
တိုက်ပွဲများတွင် မင်းတပ်တွင် အထိုင်ချတဲ့သော ခလရ ၂၇၄ က လက်နက်ကြီးဖြင့် ကန်ပက်လက်ဘက်သို့ ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူနေအိမ်များပေါ်ကျရောက်ကာ စမ္မသားရွာဟောင်းမှ လူနေအိမ် ၉ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ယင်းအဖွဲ့ထံကသိရသည်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment