Photo - Wiki |
မတ် - ၉
မန္တလေးတိုင်း ကျောက်ဆည်မြို့က လမ်းဆုံလမ်းခွတစ်ခုမှာ ဒီကနေ့ မနက်(၉)နာရီလောက်က စစ်ကောင်စီ အကောင်ကြီးတစ်ယောက်ရဲ့ ယာဉ်တန်းကို လမ်းရှင်းပေးနေတဲ့ စကစ လက်အောက်ခံ ရဲနဲ့ ယာဉ်ထိန်းအုပ်စုကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F.)က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မတ်(၉)ရက် မနက်(၉)နာရီလောက်က ကျောက်ဆည်မြို့၊ တံစိုးဂိတ်ရပ်ကွက်၊ လမ်းဆုံမှာ လမ်းရှင်းနေတဲ့ စကစ ရဲနဲ့ ယာဉ်ထိန်းအုပ်စုကို ဗုံးထုခဲ့တာလို့ ဆိုပါတယ်။
“စကစ တစ်ကောင် ပွိုင့်ကားတစ်စီး၊ အိမ်စီးကား ခြောက်စီးနဲ့ သွားတယ်လို့ သတင်းရလို့ လုပ်ခဲ့တာပါ။ လမ်းစုံနေရာမှာ ရဲနဲ့ ယာဉ်ထိန်းရဲတွေ စောင့်နေတာတွေ့လို့ လက်ပစ်နဲ့ ထုခဲ့တာ။ အထိအခိုက် ရှိနိုင်ပါတယ်” လို့ KDDF က MFP ကို ပြောပါတယ်။
ဗုံးထုခဲ့တဲ့ နေရာဟာ စစ်အုပ်စု အထိုင်ချနေတဲ့ နေရာနဲ့ အနည်းငယ်သာ ကွာဝေးပေမယ့် KDDF ရဲဘော်တွေ အန္တရာယ်ကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စကစ ရဲနဲ့ ယာဉ်ထိန်းတွေ ထိခိုက်မှု အခြေအနေကိုတော့ MFP အနေနဲ့ သီးခြား အတည်မပြု နိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကျောက်ဆည်ခရိုင် တံတားဦးမြိုကနယ် ရန်ကုန် - မန္တလေး အမြန်လမ်းပေါ် သွားလာနေတဲ့ စကစရဲ့ ရိက္ခာတင်ယာဉ် တစ်စီးကို KDDF က မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက အနီးအနားက ရွာတချို့ကို မွှေနှောက်သောင်းကျန်းခဲ့ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment