တန့်ဆည်မှာ စစ်ကားကို တိုက်ခိုက်ရာ စကစ လေးဦးသေ၊ မောင်းပြန် ငါးလက် သိမ်းပိုက်ရရှိ၊ စစ်အုပ်စုက ရွာ(၄)ရွာကို ဝင်မွှေမီးရှို့ပြီး အမျိုးသမီးတွေ အပါအဝင် ဒေသခံ(၈)ဦးကို သတ်ဖြတ်၊

သိမ်းပိုက် ရရှိခဲ့တဲ့ လက်နက်များ/pHOTO - တန့်ဆည် ဖီးနစ်

မတ် - ၁၂

စစ်ကိုင်းတိုင်း တန့်ဆည်နယ် တန့်ဆည် - ရေဦး လမ်းမှာ မနေ့က နေ့လယ်ပိုင်းက စစ်ကားတစ်စီးကို အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာမှာ စကစ လေးဦးသေပြီး  အော်တိုသေနတ် ငါးလက်နှင့် လက်နက်ခဲယမ်း တချို့ သိမ်းပိုက်ရရှိခဲ့တယ်လို့ တန့်ဆည်ဖီးနစ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - Phoenix Defence Force – Taze က သတင်းထုတ်ပြန်ပါတယ်။

မတ်(၁၂)ရက် နေ့လယ်(၁)နာရီခွဲက  တန့်ဆည်မြို့နှင့် ရေဦးမြို့ကြား၊ စိမ်းစားးရွာအနီး၊ တန့်ဆည် - ရေဦး လမ်းအတိုင်းမောင်းနှင်လာတဲ့ စကစတွေ လိုက်ပါလာတဲ့ Skat အမျိုးအစား Faw ကားအပြာကို  တန့်ဆည်ဖီးနစ် - Phoenix Defence Force - Taze တန့်ဆည်မြို့နယ် တပ်မဟာ(၂)၊ တပ်ရင်း(၇)၊ တပ်ခွဲ(၃)နှင့် ဓူဝံ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲကြာချိန် (၁၅)မိနစ်ခန့်အတွင်း စခ လေးကောင် ထိခိုက် ကျဆုံးခဲ့ပါသည်။ စခ များထံမှ လက်နက် ငါးလက်နှင့် လက်နက်ခဲယမ်း အချို့ လက်ဝယ်သိမ်းဆည်းနိုင်ခဲ့ပြီး ထိခိုက်ဒါဏ်ရာများနှင့် ခြေဦးတည့်ရာ ထွက်ပြေးသွားကြသော စခများကို လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း လက်နက်ခဲယမ်း မလုံလောက်မှူ အခက်အခဲတွေကြောင့် မိမိတို့ တော်လှန်ရေးရဲဖော်များ ပြန်လည်ဆုတ်ခွာခဲ့ပါသည်” လို့ တန့်ဆည် ဖီးနစ် တပ်ဖွဲ့က ဖော်ပြပါတယ်။

ဒါ့အပြင် ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စကစတွေကို စစ်ကူပေးဖို့ လာတဲ့ တန့်ဆည်မြို့ပေါ်မှ စစ်ကားတွေကိုလည်း တန့်ဆည်မြို့ ဗိုချုပ်ကြေးရုပ်အဝိုင်းပါတ်အနီးမှာ  တန့်ဆည်ဖီးနစ် Phoenix Defence Force - Taze (တန့်ဆည်မြို့နယ် တပ်မဟာ(၂)၊ တပ်ရင်း(၇)၊ တပ်ခွဲ (၃) မှ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ ခုနှစ်ဦး  ထိခိုက်ဒါဏ်ရာ ရရှိသွားတယ်လို့ ကြားသိရပေမယ့် အသေးစိတ် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဓားပြတိုက်လုယက်ထားတဲ့ ဆန်စပါးတွေကို တန်ပဆည်ရဲစခန်းဘက် သယ်ယူလာချိန်မှာ ကြားဖြတ်တိုက်ခိုက်ခံရ တာဖြစ်ပြီး စကစတွေ အထိနာ အသေများပြီးနောက် စစ်အုပ်စုက အနီးအနားက ကျေးရွာ(၄)ရွာကို အကြမ်းဖက်စီးနင်း မီးရှို့ကာ အမျိုးသမီးတွေ အပါအဝင် အရပ်သား ပြည်သူ(၈)ဦး ထက်မနည်းကို သတ်ဖြတ်သွားတယ်လို့ တန့်ဆည်ဒေသခံတွေက MFP ကို ပြောပါတယ်။

မတ်(၁၂)ရက် မနေ့က နေ့လယ်ပိုင်းကစပြီး စစ်အုပ်စုဟာ တန့်ဆည်နယ်က စိမ်းစား၊ ချောင်းရိုး၊ ဒယ်ရောက် စတဲ့ ကျေးရွာတွေနဲ့ ရေဦးနယ်က လှည်းသွင်းရွာတွေကို အကြမ်းဖက် စီးနင်းပြီး နေအိမ်တွေကို မီးရှို့ကာ တွေ့သမျှလူ ဖမ်းဆီးနှိပ်စက်၊ ပစ်ခတ်သတ်ဖြတ်တာကြောင့် အမျိုးသမီး(၃)ဦး အပါအဝင်  ဒေသခံအရပ်သား ပြည်သူ အနည်းဆုံး (၈)ဦး သေဆုံးပြီး ဖမ်းဆီးခံထားရသူနဲ့ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“ချောင်းရိုးရွာမှာ အလောင်း (၆)လောင်း တွေ့တယ်။ အမျိုးသမီးတစ်ဦး ပါတယ်။ စိမ်းစားကတော့ အမျိုးသမီး နှစ်ယောက် သေဆုံးတယ်။ အလောင်းတွေ ကောက်လို့ မရသေးဘူး။ ခွေးတွေက ရွာထဲမှာရော ရွာပြင်မှာရော ရှိနေတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ချောင်းရိုးရွာက သေဆုံးသူ (၆)ဦးဟာ လူလတ်ပိုင်းအရွယ်တွေ ဖြစ်ပြီး စိမ်းစားရွာက သေဆုံးသူ အမျိုးသမီး နှစ်ဦးကတော့ အသက်(၁၅)နှစ်နဲ့ (၇၀)အရွယ် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် စိမ်းစားရွာက ကျောင်းထိုင်ဆရာတော် ဖမ်းဆီးခံထားရပြီး စစ်အုပ်စုက ရိုက်နှက်နှိပ်စက်တာကြောင့် ပျံလွန်တယ်လို့ သတင်းထွက်နေပေမယ့် အတည်တော့ မပြုနိုင်သေးပါဘူး။ ဖမ်းဆီးခံထားရသူ၊ လက်နက်ကြီး ထိမှန်သူ၊ သေနတ်မှန် ဒဏ်ရာရသူတွေလည်း ရှိပေမယ့် အားလုံးက ထွက်ပြေးနေရတာကြောင့် အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“ခွေးတွေ ဝင်လာကတည်းက အကုန်လုံး ဝရုန်းသုန်းကာ ပြေးကြရတာ။ လွတ်အောင် မပြေးနိုင်တဲ့သူ အသတ်ခံရတဲ့ သဘောပဲ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက မီးရှို့ဖျက်ဆီးတာကြောင့် မနေ့က ညနေပိုင်းအထိ စိမ်းစားရွာမှာ အိမ်ခြေ(၁၅)လုံး၊ ချောင်းရိုးရွာမှာ အိမ်ခြေအလုံး(၂၀)ကျော် မီးလောင်ပြကျပြီး ဒယ်ရောက်နဲ့ လှည်းသွင်းရွာက နေအိမ်မီးရှို့ခဲ့ရတဲ့ အခြေအနေနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်း သူတို့ အခြေစိုက်ထားတဲ့ မုံရွာ၊ စစ်ကိုင်း၊ ကလေးနဲ့ ရွှေဘိုမြို့က လွဲလို့ ကျန်တဲ့မြို့နယ်တွေကို အင်တာနက် ဖြတ်တောက်ထားပြီး ရွာတွေကို အကြမ်းဖက် စီးနင်းတာ၊ လူသတ်တာ၊ အဓမ္မပြုကျင့်တာ၊ နေအိမ်မီးရှို့တာ၊ ဓားပြတိုက်လုယက်ခိုးယူတာ၊ ဖမ်းဆီးနှိပ်စက် ငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

တန့်ဆည်မှာ စစ်ကားကို တိုက်ခိုက်ရာ စကစ လေးဦးသေ၊ မောင်းပြန် ငါးလက် သိမ်းပိုက်ရရှိ၊ စစ်အုပ်စုက ရွာ(၄)ရွာကို ဝင်မွှေမီးရှို့ပြီး အမျိုးသမီးတွေ အပါအဝင် ဒေသခံ(၈)ဦးကို သတ်ဖြတ်၊ တန့်ဆည်မှာ စစ်ကားကို တိုက်ခိုက်ရာ စကစ လေးဦးသေ၊ မောင်းပြန် ငါးလက် သိမ်းပိုက်ရရှိ၊ စစ်အုပ်စုက ရွာ(၄)ရွာကို ဝင်မွှေမီးရှို့ပြီး အမျိုးသမီးတွေ အပါအဝင် ဒေသခံ(၈)ဦးကို သတ်ဖြတ်၊ Reviewed by THITHTOOLWIN on 00:46 Rating: 5

No comments:

Powered by Blogger.