သင်တန်းဆင်းပွဲ တစ်ခုမှာ တွေ့ရတဲ့ စစ်ကိုင်းခရိုင် တပ်ရင်း(၁)၊တပ်ခွဲ(၁)ရဲဘော်များ/Photo – MFP |
နောက်တစ်ရွာထိ လိုက်ပြီးတိုက်ခိုက်ခံရလို့ စစ်အုပ်စု ထပ်မံ တပ်ဆုတ်ပြေးရပြီး ရွာတွေကို မီးရှို့နေ၊
မတ် - ၁၀
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲ ဝင်လာပြီး ရွှေကျင်ကျေးရွာမှာ အထိုင်ချ တပ်စွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီ လက်နက်ကိုင် (၃၀)လောက်ကို မနေ့က မတ်(၉)ရက် ညပိုင်းမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစ တစ်ဦး သေပြီး တောင်ကုံးကျေးရွာဘက်ကို တပ်ဆုတ် ထွက်ပြေးသွားတယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မတ်(၁၀)ရက် မနက်ပိုင်းမှာလည်း ရွှေကျင်ရွာကနေ တောင်ကုံးရွာထဲ ပြောင်းရွှေ့ တပ်စွဲနေတဲ့ စစ်အုပ်စုကို ထပ်မံပြီးတော့ သွားရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စုဟာ သာလိုင်းနဲ့ ရုံးသာရွာဘက်ကို ထပ်ပြီးတော့ တပ်ဆုတ်ထွက်ပြေး သွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုကို စစ်ကိုင်းခရိုင် တပ်ရင်း(၁)၊ တပ်ခွဲ(၁)က ထုတ်နှုတ်အင်အား၊ ပရိုလိုက် ပျောက်ကြား တပ်ဖွဲနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က အထိအခိုက် အကျအဆုံး မရှိဘူးလို့ စစ်ကိုင်းခရိုင် တပ်ရင်း(၁)၊ တပ်ခွဲ(၁) တပ်ရင်းမှူး ဗိုလ်ယက္ခက ဆိုပါတယ်။
နှစ်ရွာဆက် လိုက်လံတိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ အင်အား (၅၀)လောက် ဖြစ်အောင် ဒေသခံ ပျူတွေနဲ့ ပေါင်းပြီးတော့ ဒီကနေ့ မတ်(၁၀)ရက် မနက်(၇)နာရီလောက်က စပြီး တောင်ကုုံးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ တောင်ကုံးရွာက နေအိမ်ခြောက်လုံးလောက်ကို မီးရှို့ဖျက်ဆီးသလို အင်းဘဲတောရွာ၊ ရေသောက်ကန်ရွာတွေဘက် တက်သွားတာ တွေ့ရသလို ကန်သုံးဆင့်ဘက်ကို ရောက်နေပြီလို့လည်း သတင်းကြားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခြေချ တပ်စွဲခွင့် မရတဲ့ စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ ဒေသတွင်း မွှေနှောက်သောင်းကျန်းမယ့် အခြေအနေ ရှိတာကြောင့် အများပြည်သူ အနေနဲ့ သတိထားကြဖို့ ဒေသခံအချင်းချင်း တိုက်တွန်းနေပါတယ်။
ဝက်လက်မြိုကနယ် အရှေ့ခြမ်းရွာတွေကို စစ်အုပ်စု ဝင်လာပြီး တပ်စွဲဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ဖြစ်နေချိန်မှာ အများပြည်သူ အနေနဲ့ မဖြစ်မနေ ကိစ္စကလွဲလို့ အသွားအလာ ဆင်ခြင်ကြဖို့ ဝက်လက်ဒေသ လျှပ်စီး ပြောက်ကျားတပ်ဖွဲ့ကလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
“ဝက်လက်မြိုနယ် အရှေ့ဘက်ခြမ်းတွင် တည်ရှိသော လမ်းပိုင်းများအား သွားလာခြင်းများ မပြုလုပ်ကြပါရန် အသိပေး နှိးဆော်အပ်ပါသည်။ ပြည်သူများ အနေဖြင့် မဖြစ်မနေ သွားလာရန် လိုအပ်ပါက သက်ဆိုင်ရာ ညီနောင် အဖွဲစည်းများနှင့် ချိတ်ဆက် ဆက်သွယ်ပြီးမှ သွားလာကြပါရန် အသိပေးနှိးဆော်အပ်ပါသည်” လို့ လျှပ်စီး ပြောက်ကျားအဖွဲ့က ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ဝက်လက်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်း အင်တာနက်တွေ ဖြတ်တောက်ပြီး ရွာတွေကို အကြမ်းဖက်စီးနင်းတာ၊ လူသတ်တာ၊ ဓားပြတိုက်လုယက်တာ၊ အဓမ္မပြုကျင့်တာ၊ နေအိမ်မီးရှို့တာ၊ ဖမ်းဆီးနှိပ်စက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment