မတ်လ ၁၉ ရက်၊ ၂၀၂၂ခုနှစ်။
ကော့ကရိတ် တောင်ပိုင်း အံဖကြီး ရဲကင်းစခန်းသို့ စစ်အင်အားတိုးရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ယမန်နေ့ မတ်လ ၁၈ ရက် ညပိုင်းမှစတင်ကာ ယနေ့ မတ်လ ၁၉ ရက်အထိ လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရှိရသည်။
"ကော့ကရိတ် အံဖကြီး၊ အံဖလေး လမ်းဆုံနားမှာ မနေ့က ညဘက်ကတည်းက တိုက်ပွဲဖြစ်တယ်၊ စစ်ကောင်စီဘက်က BGF တွေနဲ့ လမ်းပြလုပ်ပြီး ရွာဘက်ဝင်လာရာမှာ ပစ်ကြတယ်။ နှစ်ဖက်ထိခိုက်သေဆုံးတာ ရှိတယ်။ ဒီမနက် ဆက်ပစ်နေတယ် ၊ ရွာဘက်ကို ကော့ကရိတ်လှိုင်ဝရွာ ထိပ် လက်နက်ကြီးကုန်းကနေ အလုံးကြီးတွေ ပစ်ကူပေးနေတယ်။ တိုက်ပွဲဖြစ်တော့ ရွာသားက ပြန်စစ်ရှောင်ရပြန်ရော၊"ဟု အံဖလေး ရွာသားတစ်ဦးက ပြောသည်။
ယမန်နေ့ကတည်းက စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိသည်ဟု မြေပြင်သတင်းအရ သိရှိရသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ထို့အပြင် ကော့ကရိတ်တောင်ပိုင်းဘက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ ယခု မတ်လ ဆန်းပိုင်းရက်များမှ စတင်ကာ ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်း၊ လေးကေကော်၊ ဝေါလေ၊ ဘုရားသုံးဆူ ၊ မြဝတီနှင့် အာရှလမ်းမတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့မှ တပ်အင်အား တိုးချဲ့လာနေသည့်အတွက် နေရာစုံတွင် နေစဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
အဆိုပါ တိုက်ပွဲကြောင့် စစ်ဘေးရှောင် နေရသူ တစ်သောင်းဝန်းကျင်ခန့်မှာ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးအခက်အခဲများ ကြုံတွေ့နေထိုင်နေကြရကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီ နေသူများ ပြောစကားအရ သိရသည်။
Karen Information Center -KIC
No comments:
Post a Comment