ဒီပဲယင်း၊ မတ် ၄၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မင်းဆွေနှစ်ကျေးရွာက အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁ ဦးကို မတ်လ ၄ ရက် ဒီနေ့မနက်မှာ သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကားအစီး ၃၀ နဲ့လာတဲ့ စစ်ကောင်စီတပ်တွေက ဒီကနေ့မနက်အစောပိုင်းမှာ ကျေးရွာအတွင်းကင်းစောင့်နေသူ ၉ ဦးကို စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး ၈ ဦးသေဆုံးကာ ၁ ဦးကတော့ လွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"အဲဒီ ၈ ယောက်ကိုသတ်ပြီးတော့ တဲရောလူတွေပါ မီးရှို့သွားတာ၊ မီးရှို့သွားပေမဲ့ ပြာကျတဲ့အဆင့်တော့မဟုတ်ပါဘူး၊။ အဲဒီလူတွေရဲ့ရုပ်တော့ ဘယ်သူဘယ်ဝါ ဆိုတာတော့မသိရတော့ပါဘူး။ မီးရှို့ခံရပေမဲ့လည်း သေနတ်နဲ့ပစ်ခံထားရတော့ ဦးနှောက်တွေ ထွက်နေတာမြင်ရပါတယ်။ အဲဒီအထဲကသေနတ်မှန်ပြီး တဦးကတော့ ပြေးလာလို့လွတ်လာပါတယ်။" လို့ သူက ပြောပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်တွေဟာ ရွာအစွန်မှာနေတဲ့ လင်မယားနှစ်ဦးကို သေနတ်နဲ့ထပ်မံပစ်သတ်ခဲ့ပြီး၊ သူတို့ရဲ့ကလေးနှစ်ဦးကိုတော့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အလောင်းတွေကိုတော့ လက်ရှိအချိန်ထိ ကောက်မရသေးဘူးလို့သိရပြီး၊ ဒီဖြစ်စဥ်နဲ့ပက်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။
စစ်ကိုင်းတိုင်းအတွင်းကမြို့နယ် ၂၀ ကျော်မှာလည်း မတ်လ ၃ ရက် မနေ့ကည ၁၁ နာရီကတည်းက အင်တာနက်လိုင်းတွေပြတ်တောက်သွားပြီး၊ အဲ့ဒီနောက်ပိုင်းမှာ စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း ခုလိုထိုးစစ်ဆင် သတ်ဖြတ်မှုတွေ လုပ်လာတာလို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment