Photo_CJ |
မတ်လ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။
ကော့ကရိတ် ခြေလျင်တပ်ရင်း ခလရ-၉၇ အတွင်း စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကစ-၁၂) အရာရှိကြီးများနှင့် တိုက်ပွဲတွင်းသေဆုံး/ဖမ်းဆီးခံရသည့် စစ်သည် မိသားစုများနှင့် စကားအခြေ အတင်ဖြစ်ပြီးနောက် စစ်တပ်မိသားစုဝင် အချို့အား ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကော့ကရိတ် ဒေသခံများပြောစကားအရ သိရသည်။
ကော့ကရိတ် ခြေလျင်တပ်ရင်း ၉၇ အတွင်း စကစ၁၂ အရာရှိကြီးများနှင့် တိုက်ပွဲတွင်းသေဆုံး/ ဖမ်းဆီး ခံရသည့် စစ်သည် မိသားစုများနှင့် စကားအခြေအတင်ဖြစ်ပွားသဖြင့် စစ်တပ်မိသားစုဝင် အချို့အား ဖမ်းဆီးထိန်းသိမ်းထားကာ သတင်းမပေါက်ကြားစေရန် ဖိနှိပ်စောင့်ကြည့်ခံထားရပြီး တပ်တွင်းနောက်ချန်လုံခြုံရေးစစ်သည်ရဲမေများ၏ လက်နက်များအား ပြန်လည်သိမ်းဆည်းလိုက်သည်ဟု တပ်ရင်းနှင့်နီးစပ်သည့် ကော့ကရိတ်ဒေသခံတစ်ဦးက ယခုလို ပြောသည်။
"စကစ ၁၂ က အရာရှိတွေ လာတယ်။ တပ်တွင်းမိသားစုတွေနဲ့တွေ့တယ် ။ စစ်သည်မိသားစုတွေနဲ့ တစ်ယောက်စကားများကြတယ်၊ သူတို့ စစ်သားသေဆုံးမှု တွေကို သေဆုံးတယ်၊ အဖမ်းခံရတယ်မပြောဘဲ ပျောက်ဆုံးစစ်သည် ပုံစံမျိုးနဲ့ လာပြောတော့ လက်မခံကြဘဲ ပြန်ပြောရာက လိုင်းခန်းထဲ ဆူပူသလို ဖြစ်ပြီး စစ်သည်မိသားစုအချို့ ဖမ်းဆီးထိန်းသိမ်းခံရတယ် ကြားတယ်။ နောက်တော့ တပ်ရင်းနောက်ချန် လုံခြုံရေးအင်အားဖြည့် တပ်စိတ်အတွက် ထုတ်ပေးထားတဲ့ လက်နက်တွေ ပြန်သိမ်းသွားတယ်။ တပ်မှာက ဆေးနားနဲ့ မသန်စွမ်းစစ်သည်တွေပဲ ကျန်တော့တဲ့ အခြေအနေပဲရှိတော့တယ်။"ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အမြှောက်ကုန်း လက်နက်ကြီးအဖွဲ့ကိုလည်း မြို့ပြင်လှိုင်ဝ ဂျပန်ကုန်းဘက်သို့ ရွှေ့လိုက်သလို လက်ရှိတွင် တပ်ထဲမှ မိသားစုဝင်များကိုလည်း အပြင်ပေး မထွက်တော့ကြောင်းလည်း ၎င်းတပ်ရင်းနှင့် နီးစပ်သူ ကော့ကရိတ်ဒေသခံက ဆက်ပြောသည်။
အဆိုပါ ကော့ကရိတ် အခြေစိုက် ခလရ ၉၇ တပ်ရင်းမှာ ပြီးခဲ့သည့် မတ်လ ၁၁ ရက်က KNU မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ နယ်မြေ၊ မယ်ဝေ(မဲဝိုင်)ဒေသဘက်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ၃ ဦးသေဆုံးကာ ၂၇ နှစ်ဦး ဖမ်းဆီးခံရသည်ဟု KNU မူတြော်ခရိုင်ဘက်က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ မတ်လ ၁၄ရက်ညတွင်လည်း ၉၇ တပ်ရင်းအနောက်ဘက် ဂေါက်ကွင်း ဘက်အခြမ်း လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်သံများကြားနေရသလို ယနေ့ မတ်လ ၁၅ ရက်၊ ညနေ ၃နာရီခန့်မှ စတင်၍ ၎င်းလက်နက်ကြီးပစ်ခတ်သည့် နေရာအသစ် ဂျပန်ကုန်းနေရာမှ ကော့ကရိတ် ကမိုင်ကုန်း၊ ရွာသစ်ဘက်နှင့် တောင်ကြာအင်းရွာဘက်သို့ လက် နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း ကော့ကရိတ်မြို့ခံများက ပြောသည်။
Karen Information Center -KIC
No comments:
Post a Comment