မင်းကင်းနယ်မှာ စစ်အုပ်စုကို စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စကစ နှစ်ဦးသေ၊

ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ကျောက်လုံးကြီး KLG PDF ရဲ့ ရဲဘော်တစ်ဦး/Photo – KLG PDF

နှစ်ရက်ဆက် တိုက်ခိုက်မှုမှာ စကစ (၁၀)ဦးထက်မနည်း သေပြီး PDF ရဲဘော် နှစ်ဦး ကျဆုံး၊

 မတ် - ၂၄

စစ်ကိုင်းတိုင်း အထက်ပိုင်း မင်းကင်းမြို့နယ် ကျော်ရွာမှာ အထိုင်ချနေတဲ့ စစ်အုပ်စုကို ဒီကနေ့ ညနေပိုင်းအချိန် စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ရာမှာ စကစ နှစ်ဦး သေတယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ကျောက်လုံးကြီး KLG PDF က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ်(၂၄)ရက် ညနေ(၄)နာရီခွဲက မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ ကျော်ရွာမှာ အထိုင်ချနေတဲ့ စစ်အုပ်စုကို KLG PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“KLG PDF၏ စနိုက်ဘာ လက်ချက်ကြောင့် စကစ နှစ်ကောင် မရဏလမ်း အရောက်ပို့နိုင်ခဲ့ပါသည်” လို့ KLG PDF က ဖော်ပြပါတယ်။

မင်းကင်းမြို့နယ်၊ ကျော်ရွာမှာ အထိုင်ချနေတဲ့ စကစနဲ့ ပျူ အင်အား(၁၀၀)လောက်ရှိတဲ့ အုပ်စုကို မနေ့က မတ်(၂၃)ရက် မနက်ပိုင်းမှာလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ KPDF 2 (ကနီတပ်ရင်း၂)၊  TDPDF ၊ KLG PDF၊ ရွှေတြိဂံတပ်ရင်း၊ ရွှေသမင်မုဆိုး၊ မြွေဆိုးနှင့် ဒေသခံကာကွယ်ရေး အဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ရာမှာ နာရီဝက်နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

မနေ့က တိုက်ပွဲမှာတော့ စစ်အုပ်စုဘက်က ရှစ်ဦးသေ ငါးဦး ဒဏ်ရာရပြီး ဒေသခံ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဘက်က PDF ရဲဘော် နှစ်ဦး ကျဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရတယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF 2 တပ်ရင်း (၂)က ထုတ်ပြန်ထားပါတယ်။

မနေ့က မနက်ပိုင်းက ကျော်ရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စကစ (၁၇)ဦးအထိ သေတယ်လို့ KLG PDF က ဖော်ပြပါတယ်။

မနေ့က မနက်ပိုင်းက ကျော်ရွာမှာ အထိုင်ချနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပေမယ့် အဲ့ဒီရွာထဲမှာပဲ စစ်အုပ်စုက ဆက်ရှိနေပြီး နေ့လယ်ပိုင်းမှာ စကစနဲ့ပျူ နောက်ထပ် (၄၀)လောက် ထပ်ရောက်လာကာ ကျော်ရွာထဲ အခိုင်အမာ ခြေကုပ်ယူနေကြောင်းနဲ့ စစ်အုပ်စုက အနီးအနားက ပျားသုံးကျေးရွာအစွန်က နေအိမ်တွေနဲ့ စစ်ရှောင်စခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KPDF 2 (ကနီတပ်ရင်း၂)က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းက ကနီနဲ့ မင်းကင်း နယ်တကြောမှာ စကစနဲ့ ပျူတွေ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေပြီး လူသတ်တာ၊ ဓားပြတိုက်လုယက် ခိုးယူတာ၊ နေအိမ်မီးရှို့တာ၊ ဖမ်းဆီးနှိပ်စက် အနိုင်ကျင့် ငွေညှစ်တာတွေ  ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


Mandalay Free Press - MFP

မင်းကင်းနယ်မှာ စစ်အုပ်စုကို စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စကစ နှစ်ဦးသေ၊ မင်းကင်းနယ်မှာ စစ်အုပ်စုကို စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စကစ နှစ်ဦးသေ၊ Reviewed by THITHTOOLWIN on 20:36 Rating: 5

No comments:

Powered by Blogger.