ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးရှေ့တွင် ဆန္ဒပြနေသူများ(ပုံဟောင်း)/Photo – CJ |
မတ် - ၆
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၂၈)လမ်း၊ (၇၆)လမ်းနှင့် (၇၇)လမ်းရှိ ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးတွင် ယနေ့ နေ့လယ်(၁၂)နာရီကျော်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
ကျယ်လောင်သော ပေါက်ကွဲသံ ကြားရကြောင်းနှင့် ထိခိုက်ပျက်စီးမှု ရှိ၊မရှိ မသိရသေးသလို ရုံးအတွင်း ပေါက်ကွဲသည်လား၊ ရုံးအပြင်ဘက် ပေါက်ကွဲသည်လားဆိုသည်ကိုလည်း အတိအကျ မသိသေးဟု ဒေသခံများက ဆိုသည်။
“၁၂နာရီကျော်က ကွဲတာပဲ။ အုန်းသံကတော့ တော်တော် ကျယ်တယ်။ ကြီးကြီးမားမား ထိခိုက် ပျက်စီး မရှိဘူးလို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။
လက်ရှိတွင် စစ်ကောင်စီက မန္တလေးမြို့အနှံ့ ပိတ်ဆို့စစ်ဆေးခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက် ဖိနှိပ်ခြင်းများ လုပ်ဆောင်နေပြီး တချိန်တည်းမှာပင် မန္တလေးမြို့ရှိ စစ်ကောင်စီနှင့် ဆက်စပ်သူများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရကာ ပေါက်ကွဲမှုများလည်း နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။
Mandalay Free Press - MFP
No comments:
Post a Comment