ပုသိမ်ကြီး ကုလားကြီးခြံရွာနေ အမျိုးသားတစ်ဦး ကျွဲနဖားရွာမှာ အသတ်ခံရ

မတ် - ၇

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကုလားကြီးခြံရွာမှာ နေထိုင်တဲ့၊ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဆိုပြီးတော့လည်း သတင်းထွက်နေတဲ့ အမျိုးသားတစ်ဦး ဒီကနေ့ နေ့လယ်ပိုင်းက ကျွဲနဖားရွာမှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့ မတ်(၇)ရက် နေ့လယ်(၂)နာရီကျော်က ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျွဲနဖားကျေးရွာက လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး ဦးခေါင်း နောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးတယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

သေဆုံးသူဟာ ပုသိမ်ကြီးမြို့နယ်၊ ကုလားကြီးခြံကျေးရွာမှာ နေထိုင်တဲ့ အသက်(၄၀)ကျော်အရွယ် ကိုတိုးကြိုင် ဆိုသူဖြစ်ပြီး ဘာကြောင့် အခုလို ပစ်သတ်ခံရတယ် ဆိုတာကိုတော့  MFP အနေနဲ့ မသိရသေးပါဘူး။

သေဆုံးသူဟာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်လို့ တချို့က လူမှုကွန်ယက်မှာ ရေးသားပြောဆိုနေကြသလို တချို့ကလည်း သာမန်အရပ်သားလို့ ဆိုကြပါတယ်။ သေဆုံးသူဟာ ရဲ ဟုတ်၊ မဟုတ် MFP အနေနဲ့ အတိအကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပုသိမ်ကြီးမြို့နယ်က ကျေးရွာတချို့ကို စစ်အုပ်စု ဝင်မွှေသောင်းကျန်းပြီး ဒေသခံတွေကို ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ရပ်ကွက်တွေ အပါအဝင် မန္တလေးခရိုင်အတွင်း ရပ်ကွက်တွေ၊ ကျေးရွာတွေကို ပိတ်ဆို့စစ်ဆေးတာ၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက် ဖိနှိပ်တာတွေ လုပ်ဆောင်နေပါတယ်။  တချိန်တည်းမှာပဲ မန္တလေးမြို့က စစ်ကောင်စီနှင့် ဆက်စပ်တဲ့ သူတွေလည်း ပစ်မှတ်ထား တိုက်ခိုက် ခံနေရပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မော်အရှေ့ရပ်ကွက်နေ ရပ်ကွက် အကွက်မှူးတစ်ဦး အသတ်ခံရပါသေးတယ်။


Mandalay Free Press - MFP

ပုသိမ်ကြီး ကုလားကြီးခြံရွာနေ အမျိုးသားတစ်ဦး ကျွဲနဖားရွာမှာ အသတ်ခံရ ပုသိမ်ကြီး ကုလားကြီးခြံရွာနေ အမျိုးသားတစ်ဦး ကျွဲနဖားရွာမှာ အသတ်ခံရ Reviewed by THITHTOOLWIN on 18:54 Rating: 5

No comments:

Powered by Blogger.