ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်များက ဒေသခံသုံးဦးကို မီးရှို့သတ်ဖြတ်


ဒီးမော့ဆို - မတ် ၄၊ ၂၀၂၂။

စစ်ကောင်စီတပ်ဖွဲ့များက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆင်တောင်ကျေးရွာဒေသခံသုံးဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း ၃ က ယနေ့ ထုတ်ပြန်ထားသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်တို့ (DPDF) ပူးပေါင်းတပ်များက မတ်လ ၂ ရက်နေ့တွင် နယ်မြေရှင်းလင်းရေး ပြုလုပ်ရာမှ နေအိမ်တစ်အိမ်တွင် အဆိုပါအလောင်းများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“နန်းမယ်ခုံကျတဲ့နေ့မှာ စစ်ကောင်စီတွေက အဲ့လမ်းတစ်လျှောက် ထိုးစစ်ဆင်လာတာပါ။ အဲ့တုန်းက ရွာသားတွေ ရှောင်ပြေးကြတယ်။ သူတို့ထွက်သွားလို့ ကျွန်တော်တို့ဘက်က နယ်မြေရှင်းလင်းရေးလုပ်မှ ပြာပုံနဲ့ အရိုးတွေ တွေ့ရတာပါ။” ဟုပြောသည်။

ပြည်သူသုံးဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် လူနေအိမ်တစ်လုံးကိုပါ မီးရှို့ဖျက်ဆီးထားကြောင်း သူကဆက်ပြောသည်။

 မီးရှို့သတ်ခံခဲ့ရသည့် ပြည်သူသုံးဦးမှာ အသက်အရွယ် နှင့် အမည်ကို သိရှိရန်အတွက် ကရင်နီပြည်ရဲဌာန KSP ကို လွဲအပ်ထားသည်ဟု သိရသည်။ 

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော မိုးဗြဲတိုက်ပွဲသည် ယနေ့ချိန်ထိ ဆက်လက်ဖြစ်ပွားနေပြီး မိုးဗြဲမှ ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာတစ်ဝိုက်အထိ တိုက်ပွဲကူးစက်လာကြောင်း လွိုင်ကော် ပြည်သူ့ကာကွယ်ရေး သတင်းနှင့်ပြန်ကြားရေး စာမျက်နှာမှ တစ်ဆင့်သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း - ကယားနယ်စပ်ရှိ မိုးဗြဲမြို့တွင်လည်း လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပစ္စည်းပြန်ယူသော အရပ်သား ပြည်သူ လေးဦးအား စစ်ကောင်စီမှ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။


The 74 Media 

ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်များက ဒေသခံသုံးဦးကို မီးရှို့သတ်ဖြတ် ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်များက ဒေသခံသုံးဦးကို မီးရှို့သတ်ဖြတ် Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.