ဒီပဲယင်း၊ မတ် ၂၀၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ရွာမှာ ခေတ္တစခန်းချနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြီးခဲ့တဲ့မတ်လ ၁၈ ရက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေတဲ့ အင်အား ၁၀၀ ကျော်ပါ အဲ့ဒီတပ်သားတွေကို C&T SHWEBO၊ SNAKE EYES-PDF ၊ တပ်ပေါင်းစု(၂) အပါအဝင် အခြားသော ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ SNAKE EYES-PDF တာဝန်ခံက ပြောပါတယ်။
“ သူတို့က အင်အား ၁၀၀ လောက်ရှိမယ်၊ မြင်းတန့်ကျေးရွာနဲ့ ဒိုင်နက်ရွာနားမှာ ၁၇ရက်နေ့ မနက်ပိုင်းကတော့ ထိတွေ့တိုက်ပွဲမရှိဘူး၊ မိုင်းဆွဲတာပဲ၊ ကျဆုံးတော့ အတိအကျမသိဘူး၊ ၁၈ ရက်နေ့ ဒရုန်းနဲ့ချတာတော့ မရကန်မှာ ၇ ယောက်ကျတယ်၊ “ လို့ သူကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မရကန်ရွာက အိမ်ခြေ ၁၀ လုံးလောက်ကို မီးရှို့ဖျက်ဆီးခဲ့ကာ အဲ့ဒီရွာက သက်ကြီးပိုင်းပြည်သူတဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့သိရပြီး၊ လက်ရှိအချိန်ထိ အလောင်းကိုတော့ ပြန်မတွေ့သေးဘူးလို့ SNAKE EYES-PDF တာဝန်ခံက ဆက်ပြောပါတယ်။
ဒီပဲယင်းမြို့နယ် ညောင်လှရွာ၊ နမြားရွာ၊ ယဉ်ကျေးရွာ၊ မရိုးကုန်းရွာ ၊ကြူဝောာရွာ၊ ကျွဲတိုးခြုံရွာ ၊ချောင်းမြီးတိုရွာ ၊တည်တောရွာ ၊သပြေကုန်းရွာ ၊မြင်းတန့်ကျေးရွာ ၊ဒိုင်နက်ရွာ ၊မရကန်ရွာ ၊ရွာသစ်ရွာ ၊တနယ်- ဆင်ရောက်ကုန်း စတဲ့ ကျေးရွာတွေတစ်လျှောက် စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်နေပြီး၊ ကျေးရွာအတွင်းက ပစ္စည်းတွေကိုလည်း မွှေနှောက်ရွာဖွေတာတွေလုပ်တယ်လို့လည်း သိရပါတယ်။
တဖက်မှာလည်း အဲ့လိုစစ်ကြောင်းထိုးနေတဲ့အချိန်အတွင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက မကြာခဏ ကြားဖြတ်တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment