ယင်းမာပင်၊ မတ် ၁၁၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီရဲ့တပ်တွေကို ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ ဗိုလ်သူရိန်တပ်ရင်းက ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၃၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေက ယင်းမာပင်မြို့နယ် လက်ပံတောရွာမှာ ပြည်သူ ၁၂ ဦးကို သတ်သွားခဲ့တဲ့ တပ်ဖွဲ့တွေဖြစ်ပြီး၊ ဒီနေ့မနက် ၉ နာရီဝန်းကျင် ကျွဲကျရွာအနီးမှာ ပဒေသာမိုင်း ၁၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ တာဝန်ခံဦးမြတ်ကိုက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးရဲ့ စစ်ကိုင်းတိုင်းကို အပြီးသတ်ရှင်းလင်းမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာအပြီးမှာ ယင်းမာပင်မြို့နယ်မှာ အင်အား ၁၃၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
"မထင်မှတ်တဲ့နေရာ တနေရာကနေပြီးတော့ ပဒေသာမိုင်းတွေထောင်ပြီး စောင့်ပါတယ်။ စောင့်နေတဲ့နေရာမှာအင်အား ၁၃၀ လောက်ရှိတဲ့ ပျူတွေနဲ့ စစ်ခွေးတွေဟာ အိုးဘိုရွာကနေ မျောက်နုံးရွာဘက်ကိုအသွား ကျွဲကျရွာရဲ့အနားလာတဲ့အချိန်မှာ ဗိုလ်သူရိန်တပ်ရင်းကနေပြီးတော့ ပဒေသာမိုင်း ၁၂ လုံးဆွဲလိုက်တယ်။ နေရာတင် ပွဲချင်းပြီးကတော့ ၃၂ ကောင်ကျသွားတယ်။ ထိအခိုက်ဒဏ်ရာတော်တော်များတယ်" လို့ ဦးမြတ်ကိုက ပြောပါတယ်။
အဲ့ဒီ စစ်ကောင်စီတပ်တွေဟာ မတ်လ ၈ ရက်မှာ လက်ပံတောကျေးရွာမှာ ပြည်သူ ၁၂ ဦးကို သတ်ပြီး ၊ မတ်လ ၁၁ ရက် ဒီကနေ့ မနက်ပိုင်း မိုင်းဆွဲမတိုက်ခိုက်ခင်အထိ ရွာအဆင့်ဆင့် တရွာပြီးတရွာ တပ်စွဲ ချီတက်လာခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေ မျောက်နုံးရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး အဲ့ဒီရွာက ပြည်သူ ၈ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment