တနင်္သာရီ၊ မတ် ၉
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကမ်းမလိုင်းရွာနဲ့ရှမ်းအင်းတော်ရွာကြားမှာ မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်နဲ့ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်ကယ် ၂ စီးနဲ့ကင်းလှည်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထွက်ပြေးသွားတာဖြစ်ပါတယ်။
"မနက်ပိုင်းက ကင်းလှည့်နေတဲ့ စကစ အဖွဲ့တွေ တိုက်ခိုက်ခံရတယ်။ ၁ ယောက်သေတယ်။ ကျန်တဲ့အဖွဲ့တွေက ထွက်ပြေးသွားကြတယ်။ နောက်ပိုင်း စကစ အဖွဲ့တွေ ထက်လာတယ်လို့တော့ သိရတယ်။ တိုက်ပွဲတော့ ထပ်မဖြစ်တော့ဘူး''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
တနင်္သာရီမြို့နယ်ထဲမှာ မကြာခဏ ဆိုသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ဒေသခံတွေလဲ ဘေးလွတ်ရာကို ထွက်ပြေးရတာတွေရှိနေပါတယ်။
မတ်လ ၈ ရက်နေ့ မနက်ပိုင်းကလည်း တနင်္သာရီမြို့နယ်ဘက်မှ မြိတ်မြို့နယ်ဘက်သို့ မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၁၅ စီးဟာ လသာကျေးရွာအနီးမှာ အမည်မသိ အဖွဲ့တစ်ခုရဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးဒဏ်ရာပြင်းထန်ရခဲ့သေးတာဖြစ်ပါတယ်။
သတင်း-သံလွင်တိုင်းမ်
No comments:
Post a Comment