စစ်ဘေးရှောင်များခိုလှုံနေသောနတ်မြောင်းရွာဘုန်းကြီးကျောင်းကို စစ်တပ်လက်နက်ကြီးဖြင့်ပစ် ပြည်သူ၅ ဦးဒဏ်ရာရ ၊ ဗုံးခိုကျင်းအတွင်းပုန်းနေသူကိုလည်းပစ်သတ်
(နတ်မြောင်းနှင့်နတ်ချောင်းကျေးရွာစစ်ဘေးရှောင်များ။ ဓါတ်ပုံ-CJ) |
စစ်ဘေးရှောင်များရှိနေသည့် ကလေးမြို့နယ် နတ်မြောင်းကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်ဘေးရှောင် ငါးဦးဒဏ်ရာရခဲ့ပြီး ရွာအပြင်ဖက်မှ ဗုံးခိုကျင်းတွင်ပုန်းနေသည့်အရပ်သားတစ်ဦးကိုလည်းသတ်ဖြတ်သွားသည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များကပြောသည်။
နတ်မြောင်းကျေးရွာ အောင်မြေရာပြည့်ဘုန်းတော်ကြီးကျောင်းကို မတ်လ ၈ရက် နေ့လယ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။
" အရပ်သားတွေက ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေကြရတာ။ အဲ့ဒါကို သိသိကြီးနဲ့ ပစ်တာ။ ငါးယောက်ထိတယ်။ နှစ်ယောက်က စိုးရိမ်ရတယ်"ဟုကလေးမြို့ခံတစ်ဦကPeople's Spring သို့ပြောသည်။
ထို့အပြင်နတ်မြောင်းကျေးရွာ သုသာန်အနီးတွင်ပုန်းခိုကျင်းတူး၍ စစ်ရှောင်နေသည့် အရပ်သားတစ်ဦးကိုလည်းအကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်သွားသည်ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သောLocal Kalay PDFကသတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည်ယနေ့(မတ်လ၉ရက်)နံနက်တွင် အင်စိန်ရွာဟောင်းလမ်းဖက်မှမြောက်သို့ဦးတည်နေပြီး ထောက်ကြန့်အင်ခုံဖက်သို့ဝင်လာနိုင်သည်ဖြစ်၍ ပြည်သူများအထူးသတိဝိရိယထားနေထိုင်ကြရန် Local Kalay PDF က သတိပေးသည်။
အိမ်ခြေ သုံးထောင်နီးပါးရှိသည့်နတ်မြောင်းနှင့် နတ်ချောင်းကျေးရွာသည် တစ်ဆက်တည်း ရှိနေပြီး ဒေသခံအရပ်သားများသည် အကြမ်းဖက်စစ်ကောင်စီရန်မှ ရှောင်ရှားနိုင်ရန် ၂၀၂၁ ဒီဇင်ဘာလကတည်းက ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
People's Spring
No comments:
Post a Comment