Photo_CJ |
မတ်လ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။
စစ်ကောင်စီတပ်များ နှင့် နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ်ဖွဲ့များသည် တကျော့ပြန် တိုက်ခိုက် နေမှုများ ဖြစ်ပွားနေသည့် လေးကေကော်မြို့သစ် ရပ်ကွက်များပတ်လည်တွင် ခြေကုပ်စခန်းချ နေထိုင် နေရာယူပြီး ရပ်ကွက်လူနေအိမ်များအတွင်းရှိ စစ်ရှောင်ပြည်သူများ၏ အသုံး အဆောင် ပစ္စည်းများအား နေ့စဉ်ယူဆောင်မှုများ လုပ်ဆောင်နေကြောင်း လေးကေကော် စစ်ရှောင်ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
လက်ရှိ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့ဝင်များသည် လေးကေကော် မြို့သစ်ရပ်ကွက်များ ပတ်လည်တွင် ခြေကုပ်စခန်းချနေထိုင်ခြင်း၊ စစ်စခန်းပုံစံ ဆက်သွယ်ရေးမြောင်းများဖြင့် စစ်ကတုတ်များ ပြုလုပ်ကာ နေရာ ၁၀ ခုထက်မနည်း ပြုလုပ်အခြေချပြီး စစ်ရှောင်ပြည်သူများ၏ နေအိမ်မှ ပစ္စည်းများ အား နေ့စဥ်ဆိုသလို ရှာဖွေယူဆောင်မှုများ လုပ်ဆောင်နေသည်ဟု စစ်ရှောင်ဒေသခံများက ပြောသည်။
အမည်မဖော်လိုသူ စစ်ရှောင်တစ်ဦးက "ကျနော့်အိမ်က ကားက မြဝတီရောက်ပြီးသူများ မောင်းနေတာ တွေ့တော့ မိတ်ဆွေတွေက လှမ်းပြောတာနဲ့သိရတာ။ ကားမောင်း နေသူကို မေးကြည့်ခိုင်းတော့ ၂၇၅ စစ်တပ်မိသားစုဝင်တစ်ယောက်ဆီက တစ်ဆင့်ပြန်ဝယ်စီးနေတာလို့ ပြောတယ်လို့ သိရတယ်။ စစ်ကောင်စီကကောင်တွေ ယူသွားတာကို ပြောရမယ်ဆိုရင် အိမ်တိုင်းနီးပါး အကုန်ကုန်နေပြီ။ တစ်ယောက်က တွေ့တာယူသွား။ နောက်တစ်ယောက်ကလည်း သူတို့လိုချင်တာ ယူသွားနဲ့
နေ့တိုင်းလိုက်ပြီး အိမ်တွေ လိုက်ဖောက်ယူနေတာမျိုး ဖြစ်နေတယ် ။ ပြန်နေရင်တောင် အိမ်အခွံပဲ ရှိတော့မယ် "ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ လေးကေကော် ဒေသတိုက်ပွဲ စတင်ဖြစ်ပွားချိန်မှ ယခု ၃ လကျော် ကြာမြင့် လာနေချိန်တွင် ကျေးရွာ ၅ ရွာခန့်နှင့် လေးကေကော်မြို့သစ် ရပ်ကွက်များတွင် နေထိုင်ခဲ့သူများအပါအဝင် စစ်ရှောင်နေရသူ ၆၀၀၀ (ခြောက်ထောင်)ကျော် နေရပ်မပြန် နိုင်သေးဘဲ ဘေးလွှတ်ရာ စစ်ရှောင်နေရာများတွင် ခိုလှုံနေကြဆဲဖြစ်သည်ဟု သိရသည်။
၎င်းစစ်ရှောင်ပြည်သူတို့ နေထိုင်စဥ်က ပိုင်ဆိုင်မှုအချက်အလက်များနှင့် မြေပြင်တွင် ပျက်စီးဆုံး ရှုံးထားရသည့် ပိုင်ဆိုင်မှုများကို မှတ်တမ်းထားရှိနိုင်ရန် စစ်ရှောင်မိသားစုအလိုက် စာရင်းများအား စာရင်းကောက်ယူ မှတ်တမ်းပြုစုလျက်ရှိပြီး လက်ရှိအချိန်ထိ စာရင်းအပြည့်အစုံ မရရှိသေးကြောင်း ဒေသခံလူငယ်အကူအညီပေးရေးအဖွဲ့များက ပြောသည်။
"ကျမကတော့ လေးကေကော် ဗျူးပွိုင့် လမ်းမဘေးမှာ နေတာပါ၊ တိုက်ပွဲဖြစ်တော့ ကားတွေဆိုင်ကယ် တွေနဲ့ ကွန်ပျူတာဆိုင်က ပစ္စည်းတွေ အိမ်ပိတ်ပြီးထားခဲ့ရတယ်၊ အခု ပြီးခဲ့တဲ့တိုက်ပွဲငြိမ်နေတဲ့ ရက် တွေက လူကြုံနဲ့ အိမ်အခြေအနေ ကြည့်ခိုင်းတာမှာ အိမ်တံခါးတွေ ဆိုင်တံခါးတွေ ပွင့်နေပြီး ပစ္စည်းတွေ ကားတွေ ဆိုင်ကယ်တွေ မတွေ့တော့ဘူးလို့ ပြောပါတယ်။ အိမ်ထဲမှာလည်း လက်နက်ကြီးတစ်လုံး စိုက်ဝင်နေတယ်ဆိုတာ သိထားရတော့ အိမ်ပြန်နေဖို့က တွေးလိုက်တိုင်း စိတ်ပျက်ရတယ်"ဟု အခြား လေးကေကော် ဒေသခံ အမျိုးသမီးကလည်း ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၀ရက်မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါ နှင့် KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ လေးကေကော် ဒေသခံများ နေရပ်ပြန် နေထိုင်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစီအစဥ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြသေးသည်ဟု KNU နှင့်နီးစပ်သည့် သတင်းများအရ သိရသည်။
Karen Information Center -KIC
No comments:
Post a Comment