တန့်ဆည်မှာ စစ်ကားကို တိုက်ခိုက်ရာ စကစ သုံးဦးသေ၊ တစ်ဦး အရှင်မိပြီး မောင်းပြန် ငါးလက် သိမ်းပိုက်ရရှိ၊ စစ်အုပ်စုက အနီးအနားက ရွာတွေကို လက်နက်ကြီးနဲ့ထု၊ မီးရှို့လို့ ဒေသခံတချို့ သေဆုံး

မတ် - ၁၂

စစ်ကိုင်းတိုင်း တန့်ဆည်နယ် တန့်ဆည် - ရေဦး လမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက စစ်ကားတစ်စီးကို အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာမှာ စကစ သုံးဦးသေပြီး တစ်ဦး အရှင်ဖမ်းမိသလို အော်တိုသေနတ် ငါးလက်နှင့် လက်နက်ခဲယမ်း တချို့ သိမ်းပိုက်ရရှိခဲ့တယ်လို့ တန့်ဆည်ဖီးနစ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - Phoenix Defence Force – Taze က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ်(၁၂)ရက် နေ့လယ်(၁၁)နာရီခွဲက  တန့်ဆည်မြို့နှင့် ရေဦးမြို့ကြား၊ စိမ်းစားးရွာအနီး၊ တန့်ဆည် - ရေဦး လမ်းအတိုင်းမောင်းနှင်လာတဲ့ စကစတွေ လိုက်ပါလာတဲ့ Skat အမျိုးအစား Faw ကားအပြာကို  တန့်ဆည်ဖီးနစ် - Phoenix Defence Force - Taze တန့်ဆည်မြို့နယ် တပ်မဟာ(၂)၊ တပ်ရင်း(၇)၊ တပ်ခွဲ(၃)နှင့် ဓူဝံ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စခ သုံးကောင် ထိခိုက်ကျဆုံးပြီး တစ်ကောင် အရှင်ဖမ်းမိခဲ့ပါသည်။ အော်တိုသေနတ် ငါးလက်နှင့် လက်နက်ခဲယမ်း အချို့ လက်ဝယ်သိမ်းဆည်း နိုင်ခဲ့ပြီး ထိခိုက်ဒါဏ်ရာများနှင့် ခြေဦးတည့်ရာ ထွက်ပြေးသွားကြသော စခများကို လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း လက်နက်ခဲယမ်း မလုံလောက်မှူ အခက်အခဲတွေကြောင့် မိမိတို့ တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ပါသည်။ ရဲဘော်များ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ပါသည်” လို့ တန့်ဆည် ဖီးနစ် တပ်ဖွဲ့က ဖော်ပြပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိတဲ့ စကစ ကို စစ်ဆေးနေပြီး အင်တာနက် အခြေအနေကြောင့် အသေးစိတ် မထုတ်ပြန် နိုင်သေးတာလို့ တန့်ဆည် ဖီးနစ်က ဆိုပါတယ်။

“ရဲဘော်တွေ ဘေးကင်းပါတယ်။ ဖမ်းထားတဲ့သူကိုတော့ စစ်ဆေးနေတုန်းပါ။ Internet ဖြတ်ထားတော့ အသေးစိတ်တော့ မသိရသေးပါဘူး” လို့ တန့်ဆည် ဖီးနစ်က MFP ကို ပြောပါတယ်။

နေ့လယ် (၂)နာရီလောက်မှာတော့ စစ်အုပ်စုဟာ တန့်ဆည်မြို့နယ် စိမ်းစားကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေသလို နေအိမ်တွေကို မီးရှို့နေတာကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ တန့်ဆည် ကူညီထောက်ပံ့ရေး အဖွဲ့ - TSO က ဆိုပါတယ်။

“စိမ်းစားကျေးရွာတွင် စစ်ခွေးများ၏ ရမ်းကားပစ်ခတ်မှု့ကြောင့် (၁၅)နှစ်အရွယ် အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး ရင်ဘတ်နှင့်ပေါင် ကျည် နှစ်ချက်ထိမှန်ကာ သေဆုံးသွားခဲ့ပြီး ယခုအချိန်ထိ နေအိမ် ငါးလုံးဝန်းကျင် မီးရှို့ခံထားရသည်။ ယခုချိန်ထိ စခများ စိမ်းစားရွာတွင် ရှိနေသေးပြီး အသက်ကြီးသူ လူကြီးများ ရွာထဲတွင် ပိတ်မိနေကြောင်း သိရပါသည်။ နောက်ဆက်တွဲ သိရသည်မှာ အသက်(၇၀)အရွယ် မသန်စွမ်း အဖွားအို တစ်ဦးလည်း မပြေးနိုင်၍ နေအိမ်ထဲ ထားခဲ့ရကာ ဘေးအိမ် မီးရှို့ခံသောကြောင့် မီးအပူမိကာ  သေဆုံးသွားကြောင်း သိရသည်” လို့ TSO က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ညနေ(၅)နာရီခွဲအထိ စိမ်းစား၊ ချောင်းရိုး၊ ဒယ်ရောက် စတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေသလို လှည်းသွင်းရွာမှာလည်း စစ်အုပ်စုက လက်နက်ကြီးနဲ့ ထုနေလို့ ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်း သူတို့ အခြေစိုက်ထားတဲ့ မုံရွာ၊ စစ်ကိုင်း၊ ကလေးနဲ့ ရွှေဘိုမြို့က လွဲလို့ ကျန်တဲ့မြို့နယ်တွေကို အင်တာနက် ဖြတ်တောက်ထားပြီး ရွာတွေကို အကြမ်းဖက် စီးနင်းတာ၊ လူသတ်တာ၊ အဓမ္မပြုကျင့်တာ၊ နေအိမ်မီးရှို့တာ၊ ဓားပြတိုက်လုယက်ခိုးယူတာ၊ ဖမ်းဆီးနှိပ်စက် ငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

တန့်ဆည်မှာ စစ်ကားကို တိုက်ခိုက်ရာ စကစ သုံးဦးသေ၊ တစ်ဦး အရှင်မိပြီး မောင်းပြန် ငါးလက် သိမ်းပိုက်ရရှိ၊ စစ်အုပ်စုက အနီးအနားက ရွာတွေကို လက်နက်ကြီးနဲ့ထု၊ မီးရှို့လို့ ဒေသခံတချို့ သေဆုံး တန့်ဆည်မှာ စစ်ကားကို တိုက်ခိုက်ရာ စကစ သုံးဦးသေ၊ တစ်ဦး အရှင်မိပြီး မောင်းပြန် ငါးလက် သိမ်းပိုက်ရရှိ၊ စစ်အုပ်စုက အနီးအနားက ရွာတွေကို လက်နက်ကြီးနဲ့ထု၊ မီးရှို့လို့ ဒေသခံတချို့ သေဆုံး Reviewed by THITHTOOLWIN on 03:55 Rating: 5

No comments:

Powered by Blogger.