ခင်ဦးမြို့နယ် ဒါန်းကုန်းရွာကို စစ်အုပ်စုက မီးရှို့၊ မီးငြှိမ်းမည့်သူ မရှိဘဲ ရွာလုံးကျွတ် ပြာကျနိုင်ဟုဆို၊

မတ် - ၅

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မူးသာကျေးရွာအုပ်စု ဒါန်းကုန်းကျေးရွာကို ဒီကနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီ သစ္စာခံ အကြမ်းဖက်သမား (၁၀၀)လောက် စီးနင်းဝင်ရောက်ပြီး ရွာအတွင်းက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကနေ့ မတ်(၅)ရက် နေ့လယ်ပိုင်းက ရေဦးမြို့မ ရဲစခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုဟာ ခင်ဦးမြို့နယ် ဒါန်းကုန်းကျေးရွာအထိ ရောက်ရှိလာပြီး ထင်တိုင်းကျဲ မွှေနှောက်လုယက် သောင်းကျန်းကာ နေအိမ်တွေကို မီးရှို့နေတာလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖော်ပြပါတယ်။

“ယနေ့ ခင်ဦးမြိုနယ် ဒါန်းကုန်းကျေးရွာအား အကြမ်းဖက် စကစ အင်အား(၁၀၀)ခန့်က မီးရှို့ဖျက်ဆီးနေခဲ့ရာ ရွာလုံးကျွတ်နီးပါး ပြာကျသွားပါပြီ။ လောင်နေဆဲပါ။ ငြိှမ်းမည့်သူ မရှိဖြစ်နေပါပြီ။ ငါးနှစ်အရွယ် ကလေးတစ်ယောက်လည်း လက်နက်ကြီး ထိထားပါတယ်” လို့ ခင်ဦး သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။

ဒါန်းကုန်းကျေးရွာအတွင်း ထင်တိုင်းကျဲ သောင်းကျန်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့ စစ်အုပ်စုဟာ ရေဦးမြို့ကနေတဆင့် မြင်းဒေါင်း-ညောင်ပင်ကြီးစု မူးမြောင်းကို ဖောင်နဲ့ကူးပြီး အဲ့ဒီကနေ အရှေ့ဘက် မြကန်ရွာဘက်ကနေ တောင်ကြောတစ်လျှောက် စစ်ကြောင်းထိုး မွှေနှောက်လာတာလို့ ဆိုပါတယ်။

“ခင်ဦးအနောက်တောင်ခြမ်း ရွာများအားလုံး ဂရုစိုက်ကြပါ။ မြေပြင်သတင်း အတည်ယူ ရှောင်တိမ်းပေးကြပါ။ မိဘပြည်သူများ ခွေးတွေနဲ့ ဝေးရာ ရှောင်တိမ်းပေးကြပါ” လို့ ခင်ဦး သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ခင်ဦးမြို့နယ်၊ ဒါန်းကုန်းရွာကိုသာမက မှန်တောကျေးရွာကိုလည်း အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး ဓားပြတိုက်လုယက် မွှေနှောက်သောင်းကျန်းနေတယ်လို့ Shwebo Daily News ကလည်း ဖော်ပြပါတယ်။

လက်ရှိမှာ စစ်အုပ်စုက စစ်ကိုင်းတိုင်း မြို့နယ်အများအပြားကို အင်တာနက် ဖြတ်တောက်ပြီး အခုလို ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတာပါ။ ဒီပဲယင်းနယ်က မူးကမ်းကြီးနဲ့ ဝပါသပြေသာကျေးရွာတွေ ဒီကနေ့ ဝင်မွှေခံနေရသလို မနေ့ကလည်း ဒီပဲယင်းနယ် မင်းဆွေနှစ်ကျေးရွာကို စစ်အုပ်စုက ဝင်စီးပြီး ဒေသခံ အမျိုးသား ရှစ်ဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။

စစ်အုပ်စုဟာ ခင်ဦး အပါအဝင် ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ဝက်လက်၊ ရွှေဘို စတဲ့ ရွှေဘိုခရိုင်အတွင်းက ကျေးရွာတွေကို အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးနှိပ်စက် ငွေညှစ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

ခင်ဦးမြို့နယ် ဒါန်းကုန်းရွာကို စစ်အုပ်စုက မီးရှို့၊ မီးငြှိမ်းမည့်သူ မရှိဘဲ ရွာလုံးကျွတ် ပြာကျနိုင်ဟုဆို၊ ခင်ဦးမြို့နယ် ဒါန်းကုန်းရွာကို စစ်အုပ်စုက မီးရှို့၊ မီးငြှိမ်းမည့်သူ မရှိဘဲ ရွာလုံးကျွတ် ပြာကျနိုင်ဟုဆို၊ Reviewed by THITHTOOLWIN on 22:14 Rating: 5

No comments:

Powered by Blogger.