ခင်ဦးတိုက်ပွဲ ကျဆုံးရဲဘော်များ လက်နက်ကြီးထိကာ ဒဏ်ရရနေချိန် စစ်အုပ်စုက ဖမ်းဆီး သတ်ဖြတ်တာဖြစ်

ခင်ဦးမြို့နယ် သိမ်တော်ရွာ တိုက်ပွဲမှာ လက်နက်ကြီးထိမှန် ဒဏ်ရာရထားချိန် စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်ဖြတ်တာ ခံလိုက်ရတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များ/Photo - ပေးပို့

မတ် - ၉

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သိမ်တော်ရွာအနီးမှာ မနေ့က မနက်ပိုင်းက စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရကာ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့ရဲဘော် (၁၁)ဦးနဲ့ ဒေသခံ အရပ်သားပြည်သူ (၃)ဦး၊ စုစုပေါင်း (၁၄)ဦးကို စစ်အုပ်စုက သတ်ဖြတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို အတည်ပြုပြောပါတယ်။

မနေ့ မတ်(၈)ရက် မနက်(၉)နာရီလောက်က ခင်ဦးမြို့နယ် ညောင်ပင်ကြီးစု ရွာဘက်ကနေ လာတဲ့ စစ်အုပ်စုနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်အဖွဲ့တွေ သိမ်တော်ရွာအနီးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ 

အဲ့ဒီ တိုက်ပွဲမှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့လို့ ပြည်သူ့ရဲဘော်တွေ ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာ‌ကြောင့် မပြေးနိုင် ဖြစ်နေတဲ့ ပြည်သူ့ရဲဘော်(၁၁)ဦးကို စစ်အုပ်စုက ကျွန်းလည်ရွာဘက် ဖမ်းခေါ်သွားပြီး လယ်ကွင်းပြင်ထဲမှာ သတ်ဖြတ်ခဲ့တာလို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာရ ပြည်သူ့ရဲဘော်တွေကို သတ်ဖြတ်ဖို့ ဖမ်းခေါ်လာတဲ့ စစ်အုပ်စုဟာ လမ်းမှာတွေ့တဲ့ ကျွန်းလယ်ရွာက ဒေသခံ အရပ်သားပြည်သူ (၃)ဦးကိုလည်း လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်လာပြီး ပြည်သူ့ရဲဘော်တွေနဲ့အတူ လယ်ကွင်းပြင်တစ်ခုမှာ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့(စကစ) ၄ဝမမနဲ့ အချက် (၆၀)လောက် ပစ်တယ်။ အခုကြည့်ရတဲ့ အလောင်းအများစုက လက်နက်ကြီးကြောင့် ဒဏ်ရာရတဲ့သူတွေကို ဖမ်းဆီးပြီးတော့ ပစ်သတ်သွားတာ။ ကျွန်းလယ်ရွာက ပြည်သူ သုံးဦးကတော့ ရွာထဲဝင်ချိန် ဖမ်းခဲ့ပြီးတော့ သိမ်တော်ရွာ အရောင်မှာတော့ ကာကွယ်ရေး ရဲဘော်တွေနဲ့ အတူတူ ပစ်သတ်သွားတာ"လို့ ဒေသခံ သတင်းအရင်းအမြစ်က ပြောပါတယ်။

လက်နက်အင်အား ဘယ်လိုမှ မမျှတာကြောင့် ပြည်သူ့ရဲဘော်တွေ အသက်ပေးလိုက်ရတာလို့ MFP ရဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

ဒဏ်ရာရနေချိန် ဖမ်းဆီး သတ်ဖြတ်ခံလိုက်ရတဲ့ ပြည်သူ့ရဲဘော်တွေဟာ ခင်ဦးမြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့မှ (၅)ဦး၊ ရွှေဘိုမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ (၆)ဦး၊ ကျွန်းလယ်ရွာမှ အသက် (၄၀)ကျော်အရွယ် အမျိုးသားနှစ်ဦးနဲ့ အသက်(၃၀)ကျော်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ပါတယ်။

အဲ့ဒီ တိုက်ပွဲမှာ စစ်အုပ်စုဘက်ကလည်း သေဆုံး ဒဏ်ရာရတာတွေ ရှိပြီး မီးရှို့ထားတဲ့ စကစ အလောင်း တစ်လောင်းလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ စစ်အုပ်စုဘက်က အသေအပျောက် အခြေအနေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

စစ်အုပ်စုဘက်က သတင်းလွှင့်ရာမှာတော့ သူတို့ဘက်က ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အဲ့ဒီ သိမ်တော်ရွာတိုက်ပွဲမှာ AK-47 သေနတ် (၂)လက်အပါအဝင်၊ စိန်ပြောင်း အလက်(၂၀)၊ စိန်ပြောင်းဗုံးသီး (၁၀၀)ကျော်၊ လက်လုပ်သေနတ် အတိုအရှည် (၅)လက်နဲ့ တခြား ဗုံးတွေ၊ မိုင်းတွေ သိမ်းဆည်းရမိတယ်လို့ သတင်းဖြန့်ပါတယ်။

ခင်ဦးနဲ့ ရေဦးမြို့နယ်တွေ အပါအဝင် ရွှေဘိုခရိုင် အတွင်းမှာ စစ်အုပ်စုက အင်အား အများအပြားနဲ့ ထိုးစစ်ဆင်နေသလို တခါတရံမှာ ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ အသုံးပြုပြီးတော့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းနေပါတယ်။ ဒါ့အပြင် စစ်အုပ်စုဟာ ဒရုန်းတွေ၊ ဂျန်ပါတွေ စတဲ့ နည်းပညာပစ္စည်းတွေ သုံးပြီး PDF တွေရဲ့ စခန်းတွေကို စုံစမ်းတာ၊ ဆက်သွယ်မှုဖြတ်တောက်ပြီး အလစ်အငိုက် ဝင်တိုက်တာတွေ လုပ်နေပါတယ်။ တချိန်တည်းမှာပဲ စစ်အုပ်စုက ပျူ အမည်ခံ အရပ်သားတွေကို လက်သပ်မွေးပြီး PDF တွေကို တိုက်ခိုက်ဖို့ ကြိုးစားသလို လူနာတင်ကားတွေ၊ ပရဟိတကားတွေ အသုံးပြုပြီးတော့လည်း PDF တွေကို တိုက်ခိုက်နေပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲပတွေ အနေနဲ့ကတော့ တူမီး၊ လက်လုပ်သေနတ်နဲ့ လက်လုပ်စိန်ပြောင်းလောက်နဲ့သာ စစ်အုပ်စုရဲ့ ထိုးစစ်ကို ခုခံနေရတာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းက သူတို့ အခြေစိုက်စခန်းရှိတဲ့ မုံရွာ၊ စစ်ကိုင်း၊ ကလေးနဲ့ ရွှေဘိုမြို့နယ်က လွဲပြီး ကျန်တဲ့ မြို့နယ်တွေ အားလုံးကို အင်တာနက်ဖြတ်တောက်ထားပြီး ကျေးရွာတွေကို အကြမ်းဖက် စီးနင်းတာ၊ လူသတ်တာ၊ ဓားပြတိုက်လုယက်တာ၊ အဓမ္မပြုကျင့်တာ၊ နေအိမ်မီးရှိ့တာ၊ ဖမ်းဆီးနှိပ်စက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။


Mandalay Free Press - MFP

ခင်ဦးတိုက်ပွဲ ကျဆုံးရဲဘော်များ လက်နက်ကြီးထိကာ ဒဏ်ရရနေချိန် စစ်အုပ်စုက ဖမ်းဆီး သတ်ဖြတ်တာဖြစ် ခင်ဦးတိုက်ပွဲ ကျဆုံးရဲဘော်များ လက်နက်ကြီးထိကာ ဒဏ်ရရနေချိန် စစ်အုပ်စုက ဖမ်းဆီး သတ်ဖြတ်တာဖြစ် Reviewed by THITHTOOLWIN on 20:07 Rating: 5

No comments:

Powered by Blogger.